Pages

Ads 468x60px

Labels

Jun 30, 2012

ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးကို မြည်းကြည့်ခြင်း (၂)


စမတ်ဖုန်းကို ၀ယ်သုံးတော့မယ်လို့ ဆုံးဖြတ်ခဲ့ရင် စမတ်ဖုန်းတွေရဲ့ အားနည်းချက် အားသာချက်တွေကို ကြိုတင်ပြီး လေ့လာသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် လောလောဆယ် ထွက်ရှိနေတဲ့ ဆမ်ဆောင်းရဲ့ ဂလက်ဇီ အက်စ်-သရီးဟာ အရောင်းအသွက်ဆုံး မိုဘိုင်ဖုန်းထဲမှာ ထိပ်ဆုံးနေယူထားတယ်လို့ ကြားသိရတယ်။ ဒါကြောင့်လည်း ဂလက်ဇီ အက်စ်-သရီးနဲ့ ပတ်သက်ပြီး လေ့လာသင့်တဲ့ အချက်အလက် ၇-ချက်ကို “ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးကို မြည်းကြည့်ခြင်း (၁)” မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် စာဖတ်သူများ ငြီးငွေ့သွားမှာ စိုးလို့ရယ်။ စာရေးသူကိုယ်တိုင် ရေးဖို့ အချိန်များများ မရတာရယ်ကြောင့် အချက်အလက် ၃-ချက်နဲ့တင် ဖော်ပြခဲ့ရပါတယ်။

နောက်ထပ် ကျန်သေးတဲ့ အချက်အလက် ၄-လက်ကို အခုအခါ ထပ်မံ တင်ပြပါမယ်။ ယင်းတို့မှာ-
၎။ ဖြေဖျော်ရေးကဏ္ဍနဲ့ ဘက္ထရီ ခံနိုင်စွမ်းရည်
၅။ ဆော့ပ်ဝဲလ်နဲ့ အသုံးချတဲ့ အပ်ပ်များ
၆။ ကင်မရာ
၇။ အသံပိုင်းဆိုင်ရာ၊ ကြိုးပေါက်နှင့် ဆက်သွယ်ရေးကဏ္ဍ-တို့ဖြစ်ပါတယ်။

၎။ ဖြေဖျော်ရေးကဏ္ဍနဲ့ ဘက္ထရီ ခံနိုင်စွမ်းရည်
ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးကို ကွာစ်ကိုးရ် ပရိုဆက်ဆာ ၁.၄ (Quad Core 1.4 GHz) နဲ့ သုံးထားတယ်။ ဒီအတွက်ကြောင့် ဗီဒီယိုနဲ့ ရုပ်ပိုင်းဆိုင်ရာ အမြင့်ဆုံး အရည်အသွေးကို မြိုင်ဆိုင်စွာ လုပ်ဆောင်နိုင်တယ်။ လာသမျှ အကြီးတန်းဂိမ်းတွေကို ဆော့ကစားနိုင်တယ်။ အများမျှော်လင့်သလိုပဲ အန်ဒရွိုက်ဖုန်းထဲမှာ ဖျော်ဖြေမှုကို အပြည့်အ၀ ပေးနိုင်စွမ်းရှိတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်တယ်။

ပရိုဆက်ဆာနဲ့ ပတ်သက်ပြီး မေးကွက် ပေါ်လာစရာ ရှိပါတယ်။ ဒီလောက်မြင့်မားတဲ့ စီပီယူကို သုံးထားခြင်းဖြင့် ဂူဂဲလ်ပလေ စတိုးမှာ တင်ထားတဲ့ အပ်ပ် (အသုံးချဆော့ပ်ဝဲလ်) တွေကကော ဒီဖုန်းနဲ့ ညီမျှတဲ့ အပ်ပ် ရှိနေပြီလားလို့ပေါ့။ ဆိုလိုတာက အွန်းလိုင်းပေါ် တင်ထားတဲ့ အသုံးချ ဆော့ပ်ဝဲလ်တွေက လိုက်မမီပဲနဲ့ ဘာလို့ အမြင့်ကြီးကို မှန်းပြီး အက်စ်-သရီးမှာ စီပီယူကို မြှင့်ထားသလဲလို့ပေါ့။

ဒီလောက်တောင် မြင့်မားတဲ့ စီပီယူကို သုံးထားမှတော့ ၀က်ပရောက်ဆာ (web browser) တွေကို မွှေနှောက်ရှာဖွေရာမှာ မမြန်ပဲ ရှိဦးမလား။ ၀က်ပရောက်ဆာထဲက စာသား၊ ပုံရိပ်၊ အသံ၊ ဗီဒီယိုတွေကို ဖွင့်လိုက်ရင် လွှတ်ကနဲ ဖျပ်ကနဲပဲပေါ့။ ၀က်ပရောက်ဆာအတွက် ဆန်းစပိုက်ဒါ ဂျဗားစကရစ်နဲ့ လုပ်ဆောင်ပေးထားတယ်။ ဒါကြောင့်လည်း ရုပ်ပေါ်ထွက်နှုန်းက ၁၄၉၈.၉ အမ်အက်စ် အထိ ဖော်ပြနိုင်စွမ်း ရှိတယ်။ ဒါပေမယ့် iPhone4s ကိုတော့ လိုက်မမီသေးပါဘူး။
အိုင်ဖုန်းက ၂၁၈၁.၆ အမ်အက်စ်အထိတောင် ပေးထားတယ်။ အဲ… ၃၄၄၅.၃ အမ်အက်စ်သာ ရှိတဲ့ ဂလက်ဇီ အက်စ်-တူးထက်တော့ နှစ်ဆနီးပါးလောက် ရှိပါတယ်။ ဘက္ထရီသက်တမ်းအတွက်တော့ ခုနဖော်ပြပါ အမြန်နှုန်း နည်းလေ ဘက္ထရီစား သက်သာလေပဲပေါ့။
[မှတ်ချက်= ဂျဗားစကရစ် ဆိုတာ ကွန်ပျူတာနားလည်တဲ့ ဘာသာဗေဒနဲ့ ရေးပြီး စက် (ဖုန်း၊ သင်ပုန်း၊ ကွန်ပျူတာ) ကို မောင်းနှင် (လည်ပတ်စေ) တယ်။ ဒီဂျဗားစကရစ်ကနေ လုပ်ဆောင်ပေးနေတဲ့ ရုပ်သံကို အကောင်းဆုံး အရည်အသွေး ထွက်ရှိဖို့ ဆန်းစပိုက်ဒါက ပံ့ပိုးပေးရတယ်။ ပင့်ကူရဲ့ မြန်ပုံ အဆိပ်ပြင်းပုံကို နမူနာယူပြီး တီထွင်ထားတာမို့လို့ ဆန်းစပိုက်ဒါ Sunspider) လို့ နာမည်ပေးထားတာပါ။]


ဝက်ပရောက်ဆာ ဖွင့်ရှာရာမှာ ဂလက်ဇီအက်စ်-တူးထက် ၂-ဆ မြန်မည့် ဂလက်ဇီအက်စ်-သရီး

တကယ့်တကယ်တော့ အပ်ပယ်လ်ရဲ့ အိုင်ပက်-သရီးထက်တောင် မြန်နှုန်းမြင့်အောင် ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးက ကြိုးစားလုပ်ဆောင်ထားတာပါပဲ။ တကယ့်ထွက်လာတဲ့ အမြန်နှုန်းကို တွက်ချက်ကြည့်တော့ အက်စ်-သရီးဟာ ၁၈၈၄.၆ လောက်ပဲ ရှိတယ်။ ဒီမြန်နှုန်းက အိုင်ပက်-တူးအဆင့်လောက်ပဲ မီတယ်။ ရေဒါဖန်သားပြင်ပေါ်မှ အလင်းပြောက် အနည်းအငယ် ရှိရုံကလွဲပြီး အက်စ်-သရီးမှာ သုံးထားတဲ့ စီပီယူကိုတော့ သံသယ၀င်စရာ မရှိပါဘူး၊ ထွက်ရှိသမျှ မိုဘိုင်ဖုန်းထဲမှာ အမြင့်ဆုံး အရည်အသွေးနဲ့ ဖြေဖျော်မှုကို ပေးနိုင်မှာ အသေအချာပါ။

မြန်နှုန်းမြင့်နေတဲ့ စီပီယူကို သုံးထားတာရယ်၊ ကြီးမားတဲ့ စကရင်းရယ်ကြောင့် အကျိုးဆက်အနေနဲ့ ဘက္ထရီရဲ့ ခံနိုင်စွမ်းရည်ကို ကျစေနိုင်မှာ အမှန်။ အက်စ်-သရီးမှာ အသွင်းအထုတ် လုပ်လို့ရတဲ့ ၂၁၀၀ mAh ဘက္ထရီကို သုံးထားတယ်။ ဒီတော့ စပယ်ယာပါတ်အနေနဲ့ နောက်ထပ် ၁-လုံး၊ သို့မဟုတ် ၂-လုံးလောက် အပိုဆောင်ထားဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ တစ်ခုခု ဖွင့်လိုက်တိုင်း အတောက်ပဆုံး လုပ်ဆောင်ချက်နဲ့ ဘက္ထရီဖန်ရှင်းကို ရွေးထားမယ်ဆိုရင် ဘက္ထရီ ပိုပြီး စားမှာ ကျိန်းသေ။ ဒီအတွက် ဘက္ထရီ ရာခိုင်နှုန်းကို ဖော်ပြပေးတဲ့ လုပ်ဆောင်ချက်ကို မျက်နှာပြင်ရဲ့ ထိပ်ဆုံးမှာ ဖော်ထားဖို့ လိုလိမ့်မယ်။ (ဘက္ထရီ ဘယ်နှစ်ရာခိုင်နှုန်း ကုန်သွားပြီလဲ ဆိုတာကို ပြပေးတဲ့ လုပ်ဆောင်ချက်ကို ရွေးထားရင် စကရင်းရဲ့ ထိပ်ပိုင်းမှာ ဖော်ပြပေးထားမယ်။)

တကယ်လို့များ အရောင်တောက်ပမှု လုပ်ဆောင်ချက် (brightness) ကို တစ်ဝက်လောက်သာ ဖွင့်ထားရင် ဘက္ထရီ စားတာ တစ်ဝက်နီးပါး သက်သာမှာပါ။ ဆိုလိုတာက အတောက်ပဆုံး ဖန်ရှင်းကို ရွေးထားတဲ့အချိန်မှာ ၆-နာရီလောက် သုံးနိုင်မယ့် ဘက္ထရီကို အရောင်တောက်ပမှု အလယ်အလတ်ကိုပဲ ရွေးချယ်ထားရင် ၁၀-နာရီလောက် သုံးနိုင်တယ်။ နွန်စတော့ပ် (တစ်ဆက်တည်း) ဖုန်းတွေကို သုံးရင် ၁၀-နာရီလောက် ဘက္ထရီသက်တမ်း ခံနိုင်တယ်လို့ ကုမ္ပဏီတွေက အာမခံထားပေမယ့် ၆-နာရီနဲ့ ၇-နာရီကြားမှာပဲ ဘက္ထရီ ခံနိုင်စွမ်းရည်ရှိတယ် ဆိုတာ သတိထားပါ။ ဖုန်းနဲ့ ဗီဒီယိုကြည့်တဲ့အခါမှာ ပိုသိသာတယ်၊ ဘက္ထရီ အကုန်မြန်တယ်ဆိုတာကို။

ဘာပဲပြောပြော ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရိးရဲ့ ဘက္ထရီ သက်တမ်းက HTC ရဲ့ Incredible S, မော်တိုရိုလာရဲ့ Milestone, LG ရဲ့ Optimus 2X နဲ့ Galaxy S2 ဖုန်းတွေထက်တော့ တာရှည်ခံပါတယ်။

၅။ ဆော့ပ်ဝဲလ်နဲ့ အသုံးချတဲ့ အပ်ပ်များ
ဆမ်ဆောင်း ဂလက်ဇီ အက်စ်-သရီးကို ဂူဂဲလ်ရဲ့ စက်လည်ပတ်မှုစနစ် ဖြစ်တဲ့ အန်ဒရွိုက်နဲ့ပဲ မောင်းနှင်ထားတယ်။ အတိအကျ ပြောရရင် နောက်ဆုံးဗားရှင်းဖြစ်တဲ့ အန်ဒရွိုက် ၄.၀ ခေါ် အိုက်စကရင်းစန်းဒ၀စ်နဲ့ မောင်းထားတယ်။ ပြီးတော့ ဆမ်ဆောင်းကုမ္ပဏီပိုင်ဖြစ်တဲ့ ကြားခံပေါင်းကူးစနစ် တစ်ခုဖြစ်တဲ့ တပ်ခ်ျဝစ် (TouchWiz) နဲ့ အရောင်စိုပြေတောက်ပအောင် လုပ်ဆောင်ပေးထားတယ်။ ဒီစနစ်ကလည်း အသစ်အဆန်းတော့ မဟုတ်ပါ။ ဂလက်ဇီ အက်စ်-တူး၊ ဂလက်ဇီ-နုတ် ဖုန်းနှစ်မျိုးလုံးမှာ သုံးထားပြီးသား ကြားခံကိရိယာပါပဲ။

အသစ်အဆန်းအနေနဲ့ အက်စ်-သရီးမှာ ထည့်သွင်းထားတာက ပေါ့ပ်အပ်ပလေး (Pop up Play) စနစ်ပါ။ ဒီစနစ်ပါဝင်ခြင်းကြောင့် ရိုးရိုးစာတွေသာ ပို့လို့ရတဲ့ခေတ်ကနေ ကြိုက်နှစ်သက်တဲ့ ဗီဒီယိုဖိုင်တွေကိုပါ ပို့ပေးနိုင်တဲ့ခေတ်ကို ရောက်နေပြီလို့ သတိပေးလိုက်တဲ့သဘောပါ။ အက်စ်ဘင်း (S Beam) လို့ ခေါ်တဲ့ တူး (Tool) ကနေ ဖိုင်တွေ အကြီးကြီး ပို့ပေးနိုင်တယ်။ တကယ်လို့များ သင့်ရဲ့ မိုဘိုင်းဆင်းကဒ်ကနေ သုံးနေတဲ့ အင်တာနက်က နှေးကွေးနေရင် ၀ိုင်ဖိုင်ကို သုံးပြီး ပို့ဖို့ မမေ့ပါနဲ့။

လက်တွေ့ စမ်းသပ်ပြီးသားပါ။ ဟိုနားဒီနား ဖုန်းကင်မရာနဲ့ အပျော်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် အတိုအစလေးတွေကို ဒီပေါ့ပ်အပ်ပလေးစနစ်နဲ့ တွစ်တာ (Twitter) မှာ တင်ကြည့်တယ်။ အဆင်ကို ချောလို့။ တင်ထားပြီးသားကို ပြန်ပြီး ဖွင့်ကြည့်တယ်၊ ပုံမှန် ပြသပေးလျှက်ပေါ့။
ပြီးတော့ ဂလက်ဇီ အက်စ်-သရီးမှာ အသံစနစ်ပါ အသစ်အဆန်းအနေနဲ့ ထပ်ပြီး မိတ်ဆက်ပေးထားတယ်။ ဒီအသံစနစ်ကိုတော့ S-Voice လို့ နာမည်ပေးထားတယ်။ အပ်ပယ်လ်ရဲ့ iPhone4s ထဲက စီရီ (Siri) အသံစနစ်နဲ့ ခပ်ဆင်ဆင်ပေါ့။ ဒီ(S-Voice) အက်စ်ဗွိုက်ကိုလည်း အိုင်ဖုန်းရဲ့ စီရီ (Siri) စနစ်ကိုပဲ အခြေခံထားတာပါ။ တိုးတူးတိုး (toe-to-toe) စနစ်နဲ့ သွားတယ်။ အက်စ်ဗွိုက် (S Voice) စနစ် ပါဝင်လာသဖြင့် မိုးလေ၀သ အခြေအနေ၊ ရှာဖွေလိုတဲ့ ၀က်ဆိုက်နာမည်၊ ခေါ်ချင်တဲ့ ဖုန်းနံပါတ်နဲ့ အမည်တို့ကို အသံနဲ့ စုံစမ်း ရှာဖွေနိုင်သလို နှိုးစက်လိုမျိုး၊ သီးချင်းလိုမျိုးကိုလည်း အသံနဲ့ ထိန်းချုပ်နိုင်ပါသေးတယ်။ ဒါပေမယ့် အင်္ဂလိပ်အသံ ပီသဖို့တော့ လိုတယ်နော်။ နို့မို့ဆို ခုတ်ရာတခြား ရှရာတခြား ဖြစ်နေမှာ။

အိုင်ဖုန်းနဲ့ ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးတို့ရဲ့ အသံစနစ် ၂-မျိုးလုံးကို စမ်းသုံးကြည့်ဖူးတယ်။ အိုင်ဖုန်းရဲ့ စီရီအသံစနစ်က ရှာဖွေရတာ လွယ်ကူသလောက် ဂလက်ဇီ အက်စ်-သရီးရဲ့ အက်စ်ဗွိုက် အသံစနစ်နဲ့ ရှာဖွေရတာ တအားကို ခက်တယ်။ ငပိနံ့ အင်္ဂလိပ်အသံကို မကျက်မိဘူး။ တော်တော်လေး ပီပီသသ အသံထွက်နိုင်မှ အမှန်ရှာဖွေပေးနိုင်တယ်။ အဲ…လွယ်တာ မလွယ်တာ အပထား၊ အသံစနစ် ထည့်ထားတာကိုက ကျေးဇူးတင်ရမှာ။ လက်မအားတဲ့ အချိန်မျိုးမှာ သုံးနိုင်တာပေါ့။


ဂလက်ဇီ အက်စ်-သရီးရဲ့ အက်စ်ဗွိုက် အသံစနစ်နဲ့ မိုးလေ၀သကို ရှာဖွေနေပုံ

အပ်ပယ်လ်စက်တွေအတွက်သာ သီးသန့် ထုတ်လုတ်ထားတဲ့ ဖလစ်ဘုတ် အပ်ပ် (Flipboard App) ကိုလည်း ဆမ်ဆောင်း ဂလက်ဇီ အက်စ်-သရီးမှာ ရနိုင်တယ်။ ဆိုရှယ်နက်ဝေါ့က်နဲ့ ချိတ်ဆက်ပြီး အဲဒီကနေတစ်ဆင့် ဒီအပ်ပ်ကို သုံးနိုင်တယ်၊ အပ်ဒိတ် (အဆင်မြှင့်) နိုင်တယ်။ ဒီအပ်ပ်ကို သုံးရင် မဂ္ဂဇင်းစတိုလ်နဲ့ ကြည့်ရှုနိုင်တယ်။ အက်စ်-သရီးမှာတော့ တော်တော်ကို ကြည့်လို့ကောင်းတဲ့ အသုံးချ အပ်ပ်တစ်ခု ဖြစ်နေတယ်။ မျက်နှာပြင်မှာလည်း တင်ထားနိုင်တယ်။

တပ်ခ်ျဝဇ် (TouchWiz) နဲ့ ပတ်သက်ရင် အငြင်းပွားစရာတော့ ရှိနေတယ်။ အပ်ပယ်လ်ရဲ့ အိုင်အိုအက်စ် စက်လည်ပတ်မှုစနစ်အတွက် ထုတ်လုပ်ထားတာလား၊ အန်ဒရွိုက် စက်လည်ပတ်မှု စနစ်အတွက် ထုတ်လုပ်ထားတာလား ဆိုတာကိုပါ။ ဒါပေမယ့် အန်ဒရွိုက်အတွက် သုံးနေတာ ကြာလှပါပြီ။ အရင်နှစ်ကတည်းက ထွက်ခဲ့တဲ့ ဆမ်ဆောင်းရဲ့ ဂလက်ဇီ နက်ဆပ် (Nexus) မှာကော၊ HTC ရဲ့ Excellent Sense မှာကော သုံးနေကြပြီလေ။ ဂလက်ဇီ အက်စ်-သရီးကျတော့ ဒီတပ်ခ်ျဝဇ်က တော်တော်လေး ညက်ညောနေပါပြီ။ အိုင်ကွန် တစ်ခုနဲ့တစ်ခု အဆွဲအငင် လုပ်ရာမှာကော၊ စာလုံးတွေကို ဖတ်ရာမှာပါ ညက်ညောစွာ အထောက်အကူ လုပ်ပေးတယ်။


ဂလက်ဇီ အက်စ်-သရီးမှာ အသုံးပြုထားတဲ့ အန်ဒရွိုက်ရဲ့ နောက်ဆုံးထုတ် အိုက်စကရင်းစန်းဝစ်

ဖုန်းကို လည်ပတ်စေတဲ့ အန်ဒရွိုက်စနစ်က ပြီးပြည့်စုံတယ်။ အပ်ပ်တွေ အရွှေ့ အပြောင်း လုပ်လွယ်တယ်။ အကြီးအသေး စိတ်ကြိုက် ရွေးချယ် ဖန်တီးလွယ်တယ်။ ဒါပေမယ့် ပေါများလွန်းလှတဲ့ အသုံးချကိရိယာ (Tools) တွေကြောင့် ဂလက်ဇီနဲ့ အကျွမ်းမ၀င်သေးတဲ့ အသစ်သမားတွေအတွက် မူးဝေသွားလောက်အောင် ရှုပ်ထွေးလှပါတယ်။ ဘယ်ဟာက အရေးတကြီး အသုံးဝင်ပြီး ဘယ်ဟာကို မသုံးရင်လည်း ချန်ထားလို့ရတယ် ဆိုတာကိုတောင် အရွှေးခက်လှတယ်။

တကယ်လို့ သင်က အလွယ်ကလေး သုံးချင်တယ်။ နက်နဲခက်ခဲတာကို အရွှေ့အပြောင်း မလုပ်ချင်ရင် အပ်ပယ်လ်ထုတ် အိုင်အိုအက်စ်စနစ်သုံး အိုင်ဖုန်းကိုသာ ၀ယ်သုံးပါလို့ တိုက်တွန်းချင်တယ်။ ဒါပေမယ့် အခမဲ့နဲ့ အပ်ပ်တွေကို အများကြီး သင့်မိုဘိုင်ဖုန်းမှာ ထည့်သွင်းထားစေချင်တယ်၊ ရှုပ်လေ ပိုတတ်လေလို့ သဘောထားရင်တော့ အန်ဒရွိုက်ကိုပဲ အားခဲလိုက်ပေါ့။ အန်ဒရွိုက်က ရွှေးချယ်စရာ အပ်ပ် တအားပေါတာကိုး။

၆။ ကင်မရာ
ဆမ်ဆောင်ဂလက်ဇီ အက်စ်-သရီးဟာ ၈-မီဂါပစ်ဇယ်လ် ကင်မရာကို ထည့်သွင်းပေးထားတယ်။ ဒါက အသစ်အဆန်းတော့ မဟုတ်ပါ။ မနှစ်က ထုတ်ခဲ့တဲ့ အက်စ်-တူးမှာကတည်းက သုံးခဲ့တဲ့ အရည်အသွေးလောက်ပါပဲ။ ဒါပေမယ့် ဂလက်ဇီ နက်ဇပ် (Nexus) လို ဇီရိုးရှတ်တာကို ထည့်ပေးထားတယ်။ ပြီးတော့ အကောင်းဆုံး ပုံအရည်အသွေး ရအောင် အလိုလို ချိန်ညှိပေးတာရယ်၊ သင့်ရဲ့ မျက်လုံးအပြုံးကို မှတ်တမ်းတင်ပေးထားတာရယ်က စပါယ်ရှယ် လုပ်ဆောင်ချက်တွေပေါ့။


ကင်မရာမှာတောင် ရွေးချယ်စရာ လုပ်ဆောင်ချက်တွေက များမှများ

ပြီးတော့ HTC ရဲ့ One X လို လုပ်ဆောင်ချက်မျိုးဖြစ်တဲ့ ဗီဒီယိုကို ရိုက်တုန်း ရုပ်ငြိမ်ဓာတ်ပုံကို ဖမ်းယူလို့ရတဲ့ လုပ်ဆောင်ချက်ကိုလည်း အသစ်အဆန်းအနေနဲ့ ဒီအက်စ်-သရီးမှာ ထည့်သွင်းပေးထားတယ်။ မြင်ကွင်းအများကြီးကို ဓာတ်ပုံ လိုက်ရိုက်မနိုင်တဲ့ အခါမျိုးမှာ ဗီဒီယိုနဲ့သာ ရိုက်ထားလိုက်ပါ။ ရုပ်ငြိမ်ဓာတ်ပုံ ပြန်လိုချင်သပဆိုရင် ဒီလုပ်ဆောင်ချက်နဲ့သာ လုပ်ချလိုက်ပါ။ ဆိုတော့ကာ ဒီလုပ်ဆောင်ချက် တော်တော်လေး အသုံးဝင်ပါတယ်။
နောက်တစ်ခုကား ကလို့စ်အပ် (Close-up) လို့ခေါ်တဲ့ အနီးကပ် အလှရိုက်ချက်အတွက်လည်း ကောင်းမွန်တဲ့ ဓာတ်ပုံအရည်အသွေးကို ထုတ်ပေးနိုင်တယ်။ အောက်ဒိုး/ အင်ဒိုး နှစ်ခုလုံးကို တူညီတဲ့ ကွာလ်လတီ ရနိုင်တယ်။


ကလို့စ်အပ် (Close-up) နဲ့ ရိုက်ထားတဲ့ ပန်းပွင့်ကို ကြည့်ရင် ကင်မရာရဲ့ ချိန်တာ (lens) ဘယ်လောက်ကောင်းလဲဆိုတာ သက်သေပြပေးနေသလိုပဲ

၇။ အသံပိုင်းဆိုင်ရာ၊ ကြိုးပေါက်နှင့် ဆက်သွယ်ရေးကဏ္ဍ
ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးရဲ့ ဗီဒီယိုရိုက်ချက်ကိုတော့ အရည်အသွေးမြင့် ၁၀၈၀ ရီဆိုလူးရှင်းနဲ့ ပေးထားတယ်။ ရုပ်ကော အသံရောပေါ့။ ဒါပေမယ့် လက်တွေ့ စမ်းသပ်ချက်အရတော့ ရုပ်ငြိမ်ဓာတ်ပုံလောက် အရည်အသွေး မမီတာ သေချာတယ်။ ပြီးတော့ ဗီဒီယိုမှာ ပါတဲ့ အသံရော၊ အသံသက်သက် ရီကော့ဒ် လုပ်ထားတာကော၊ အသံမှန်သမျှ သိပ်ကြည်လှတယ်လို့ မဆိုနိုင်ဘူး။

ရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ ၂-မီဂါပစ်ဇယ်လ်ရှိ ကင်မရာကိုတော့ ဗီဒီယိုနဲ့ ဖုန်းခေါ်တဲ့အလုပ် Face နဲ့ ချက်တင် ၀င်တာလောက်ပဲ သုံးလို့ရပါတယ်။ ဒါတောင် တစ်ခါတလေ အရုပ်ကျသွားပြီး စကရင်းလောက်ပဲ ပေါ်နေတတ်သေးတယ်။ သုံးသပ်ရရင် အသံပိုင်းဆိုင်ရာ အားနည်းချက် ရှိတယ်။

အပေါက်နဲ့ ပတ်သက်ရင် အက်စ်-သရီးမှာ သုံးတဲ့ ဖုန်းဆင်းကဒ်ကိုတော့ iPhone4 နဲ့ 4s လို ဆင်းကဒ်အသေး (Micro-SIM) ပါပဲ။ ဖုန်းရဲ့ထိပ်ပိုင်း ဒေါင့်ချိုးမှာ ၃ ဒသမ ၅ မီလီမီတာဆိုတဲ့ နားကြပ်ပေါက်ကို ဖောက်ပေးထားပြီး၊ အသေးစား ယူအက်စ်ဘီ (USB) အပေါက်ကိုတော့ အောက်နား ဒေါင့်ချိုးလေးမှာ ထည့်သွင်း ဖောက်ပေးထားတယ်။ ဒီအပေါက်ကို သုံးပြီး ဘက္ထရီ အားသွင်းနိုင်တယ်၊ အချက်အလက်ဖိုင်တွေကို ကူးပြောင်းနိုင်တယ်။

အက်စ်-တူး မိုဘိုင်းဖုန်းလိုပဲ အက်စ်-သရီးကိုလည်း စပိကာ ထည့်ပေးထားတယ်။ ဒါပေမယ့် နေရာတော့ လွှဲထားတယ်။ အက်စ်-တူးတုန်းက နောက်ကျော အောက်ခြေနားလေးမှာ ထည့်ထားပေမယ့် အက်စ်-သရီးရဲ့ စပိကာကို နောက်ကျောဘက် ထိပ်နားလေး ကင်မရာရဲ့ ဘေးမှာ ကပ်ပြီး ထည့်ပေးထားတယ်။ ကင်မရာရဲ့ ဟိုဘက်က ဖလက်မီး ရှိပြီး ဒီဘက်ကိုတော့ စပိကာ ထည့်ပေးထားတာပါ။ စပိကာရဲ့ အသံထွက်က မဆိုးဘူး ကောင်းပါတယ်။ ဒါပေမယ့် အသံတိုးနေတာက ပြောစရာ ဖြစ်တယ်။ အက်စ်-တူးလို စပိကာ မကြီးတာလည်း ဖြစ်နိုင်သလို နေရာ အထားမှားလို့လည်း အသံမကျယ်တာ ဖြစ်နိုင်တယ်။

အားလုံးကို ခြုံငုံပြီး သုံးသပ်ရရင်-
အခုအသစ် ထုတ်လုပ်ထားတဲ့ ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီး (Galaxy S3) ခေတ်မီ မိုဘိုင်ဖုန်းမှာ နည်းပညာအသစ်တွေ သိပ်တော့ မပါပါဘူး။ ဂလက်ဇီ အက်စ်-တူး (Galaxy S2) ထက် သာတဲ့အချက်က စွဲမက်ဖွယ်ကောင်းတဲ့ ဒီဇိုင်းပုံပန်းရယ်၊ ကိုင်တွယ်ရတာ ချောမွေ့နေတာရယ်၊ ဒီ၂-ချက်ကြောင့်ပါပဲ။ ဒါတောင် ဘဲဥပုံဆန်ဆန် ထိပ်ပိုင်းကိုတော့ သုံးစွဲသူရဲ့ စိတ်ကို ညှို့နိုင်စွမ်းအား မရှိသေးပါဘူး။ အဲ… အထူးတလည် သုံးစွဲထားတဲ့ CPU နဲ့TouchWiz စနစ်ကြောင့် သူ့ဈေးနဲ့သူ ထိုက်တန်တဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ကြောင်းကိုတော့ သက်သေပြနေမှာပါလေ…။

မှီငြမ်း-
http://www.trustedreviews.com/samsung-galaxy-s3_Mobile-Phone_review
http://www.techradar.com/reviews/phones/mobile-phones/samsung-galaxy-s3-1078667/review/page:2#articleContent

Jun 27, 2012

Surface ကို မိုက်ခရိုဆော့ပ်က စတင်မိတ်ဆက်


ဇွန်လ ၁၉-ရက်နေ့မှာ မိုက်ခရိုဆော့ပ် (Microsoft) ကုမ္ပဏီက သင်ပုန်း (Tablet) အသစ်တစ်မျိုးကို စတင်မိတ်ဆက်ပေးခြင်းဖြင့် သင်ပုန်းလောကထဲ ခြေစုံပစ် တိုးဝင်လာပါပြီ။ သင်ပုန်းကို ဆာဖိ(တ်) (Surface) လို့ နာမည်မှည့်ထားပါတယ်။

မိုက်ခရိုဆော့ပ်ကနေ မကြာမီ ဖြန့်ချိတော့မယ့် ၀င်းဒိုး-၈ (Windows 8) စနစ်ကို တို့ထိမျက်နှာပြင် ဆာဖိ(တ်) သင်ပုန်းမှာ အသုံးပြုထားပြီး ပရိုဆက်ဆာကိုလည်း အင်တယ်လ် အေအာရ်အမ် (Intel ARM) နဲ့ သုံးထားတယ်။ မိုက်ခရိုဆော့ပ်ရဲ့ မူပိုင်ဖြစ်တဲ့ Office လို ရုံးသုံးဆော့ပ်ဝဲလ်၊ Photoshop လို ဒီဇိုင်းဆော့ပ်ဝဲလ်တွေကို ဆာဖိ(တ်) သင်ပုန်းမှာ ထည့်သွင်းထားတဲ့အတွက် လတ်တလော ရောင်းအား အကောင်းဆုံး ဖြစ်နေတဲ့ အပ်ပယ်လ်ရဲ့ အိုင်ပက်ကို ယှဉ်နိုင်မယ်လို့ ခန့်မှန်းထားတယ်။


ဆာဖိ(တ်) နဲ့ တွဲဖက် အသုံးပြုနိုင်မယ့် ရွှေးချယ်စရာ ရောင်စုံကာလာ ကီးဘုတ်များ (ပုံကို ကြည့်ပါ)

ဒါပေမယ့် မိုက်ခရိုဆော့ပ်သုံး အခြား သင်ပုန်းထုတ် ကုမ္ပဏီတွေကလည်း ၀င်းဒိုး-၈ နဲ့ နောက်ထပ် သင်ပုန်းအသစ်တွေ ထုတ်လုပ်ဖို့ တာစူနေကြပြန်တယ်။ ဒီတော့ကာ ဆာဖိ(တ်) က သင်ပုန်းဈေးကွက်ကို တော်တော် ယှဉ်ပြိုင်ရဦးမှာပါ။ “ကိုယ်ပိုင်ဟာ့ဒ်ဝဲလ် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတိုင်းကို ဆော့ပ်ဝဲလ်တွေကို ပေးချင်ပါတယ်” လို့ မိုက်ခရိုဆော့ပ်ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် စတိဗ်ဘောလ်မာ ပြောခဲ့ပါသေးတယ်။

ဆာဖိ(တ်) သင်ပုန်းဟာ အကျယ် ၁၀ ဒသမ ၆ လက်မ (၁၀-လက်မခွဲကျော်) ရှိပြီး သုည ဒသမ ၄ လက်မ (လက်မ၀က် မဖြစ်တဖြစ်) ထူပါတယ်။ မဂ္ဂနီစီယမ် (သတ္ထုဒြပ်စင်) နဲ့ ဘောင်ကွပ်ထားတယ်။ အိုင်ပက်ထက် စကရင်း ကြီးမားသလို ပိုပြီးလည်း လေးပါတယ်။ ဒါပေမယ့် ဗျက်ကတော့ ပါးလွှားတယ်။ သင်ပုန်းရဲ့ ချပ်(စ်) ကိုတော့ အန်ဗီဒီယာ (Nvidia) နဲ့ အသုံးပြုထားတယ်။ စီပီယူကို အင်တယ်လ် x86 နည်းပညာနဲ့ သုံးပြီး ကွန်ပျူတာအတွက် ထုတ်လုပ်တော့မယ့် ၀င်းဒိုး-၈ နဲ့ စက်ကို လည်ပတ်စေတယ်။

ဆာဖိ(တ်)ရဲ့ နောက်ပိတ်ကို ထောက်တိုင်အဖြစ် အသုံးပြုနိုင်ပါသေးတယ် (ပုံကို ကြည့်ပါ)

ဆာဖိ(တ်) သင်ပုန်းကို တွဲဖက်များစွာနဲ့ တွဲကာ အသုံးပြုနိုင်ပါတယ်။ ထရပ်ပက်-လို့ ခေါ်တဲ့ ကီးဘုတ်နဲ့ တွဲထားရင် နှစ်ဆဖြစ်သွားပါလိမ့်မယ်။ အဲဒီအခါ သင်ပုန်းက ထူပြီး ကီးဘုတ်က ပါးနေတဲ့ပုံ မြင်တွေ့ရမှာပါ။ သိုလှောင်နိုင်တဲ့ ပမာဏကိုတော့ ၃၂-ဂျီဘီ ကော၊ ၆၄-ဂျီဘီပါ ထုတ်လုပ်ထားတယ်။

အောက်ဖော်ပြပါ အချက်အလက်များကို ကြည့်ခြင်းဖြင့် ဆာဖိ(တ်) သင်ပုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိရှိမှာပါ-
 

ဆာဖိ(တ်) သင်ပုန်း (Surface Tablet) ရဲ့ အသေးစိတ် အချက်အလက်များ
စက်လည်ပတ်မှုစနစ် = ၀င်းဒိုး-၈ (Windows 8)
စီပီယူ = -အင်တယ်လ် ကိုးရ်-အိုင် (Core i CPU)
မျက်နှာပြင် = ၁၀. ၆ လက်မ
ဗျက် (အထူ) = ၀.၄ လက်မ
အလေးချိန် = ၃၂. အောင်စ (၉၀၃ ဂရမ်)
ချိတ်ဆက်ပေါက် = မိုက်ခရိုအက်စ်ဒီ၊ ယူအက်ဘီ၊ မီနီရုပ်သံ (microSD, USB 3.0, Mini Display Port)
သိုလှောင်ပမာဏ = ၆၄ ဂျီဘီ
ကင်မရာ = ရှေ့ / နောက် အရည်အသွေးမြင့် (Full HD)
ဘက္ထရီ = ၄၂ ၀ပ်

မှီငြမ်း-
-http://www.bbc.com/news/technology-18500954

Jun 25, 2012

ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးကို မြည်းကြည့်ခြင်း (၁)


ဇွန်လမှာ ပွင့်လန်းတဲ့ ဇွန်ပန်းနဲ့အတူ ဇွန်လမှာ ပေါ်ပြူလာအဖြစ် ထွက်ရှိလာတဲ့ စမတ်ဖုန်းတစ်မျိုးက ဖုန်းလောကတစ်ခုလုံးကို ကိုယ်စားပြုကာ အလှချယ်ထားသလိုပါပဲလား။ တောင်ကိုရီယား မင်းသမီး ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးကိုတော့ ကမ္ဘာ့ဖုန်းစတော့ဈေးကွက်ရဲ့ ထိပ်ဆုံးနေရာသို့ ပို့ဆောင်လိုက်တယ် ဆိုပဲ။ အမေရိကန်နဲ့ ဥရောပမှာ ပြိုင်စံရှားနေတဲ့ အမေရိကန်တော်ဝင် အိုင်-ဖုန်းကိုပင် အလဲထိုးသွားတယ် ဆိုပဲ။

ဘယ်မော်ဒယ်မက နောက်ပေါက်ချလို့ ဘယ်မဟ၀ှါကပဲ နောက်ပေါက်ကျသွားပါစေလေ..။ ရှမ်းကြိုက်လို့ နွားချောတယ် ပြောပြော၊ ကိုယ်ထင်လို့ ကုတင်က ရွှေနန်းပဲ ပြောင်းသွားသွား။ နောက်ဆုံးမတော့ သဘာဝဟာ သဘာဝပါ။ အရှိဟာ အရှိအတိုင်းပါ။ လူသားတောင်မှ ခြောက်ပြစ်ကင်း သဲလဲမစင်နိုင်တဲ့ အနေအထားမှာ လူသားက ဖန်တီးထားတဲ့ အသုံးအဆောင် ကိရိယာတွေကော အပြစ်အနာအဆာ ကင်းနိုင်ပါ့မလားလို့ အတွေးရောက်နေလေရဲ့…။ သို့နှင့် အသစ်ပေါ်တိုင်း (မော်ဒယ်လ်မလေးတွေတော့ မဟုတ်ပါ၊ အိုင်တီပစ္စည်းကိုပါနော့်) စိတ်ပါဝင်စားစွာ ငေးကြည့်တတ်တဲ့ စာရေးသူက ဆမ်ဆောင်းအရောင်းစတိုး မှန်ပြူတင်းကနေ ငေးကြည့်ခဲ့တဲ့ အခါခါ၊ အင်တာနက်စတိုး ပြူတင်းပေါက်ကနေ လေ့လာခဲ့တဲ့ အကြိမ်ကြိမ်ကို သိမ်းကျုံးပြီးသကာလ ရေးဆက်တင်ပြလိုက်ရပါကြောင်း….။

ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီး (Samsung Galaxy SIII)
အားသာချက်
-အန်ဒရွိုက်ရဲ့ အိုက်စကရင်း စန်းဝစ် စက်လည်ပတ်မှုစနစ်ရယ်၊
-ရွှန်းစိုတောက်ပနေတဲ့ ၄.၈ လက်မအရွယ် တို့ထိမျက်နှာပြင်ရယ်၊
-မျက်စိကျလောက်အောင် ပြရုပ်ကောင်းတဲ့ သွင်ပြင်ဒီဇိုင်းရယ်
-ကွာဇ်-ကိုးရ် ပရိုဆက်ဆာ (ဦးဏှောက် လေးဆ) ရယ်နဲ့
-အက်စ်ဒီကဒ် (အပို မမ်မိုရီ) ထည့်ဖို့ အပေါက် ပါခြင်းတို့ရယ်က ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီး စမတ်ဖုန်းရဲ့ အားသာချက် ဖြစ်တယ်။

အားနည်းချက်
-တပ်ခ်ျဝဇ်-လို့ ခေါ်တဲ့ ဆွဲ/လွှတ် စကရင်းရဲ့ ရုပ်ပုံ ရှုပ်ထွေးလွန်းခြင်း
-ဆင်းကဒ် အသွင်း/အထုတ်အပေါက် ပျက်လွယ်ခြင်းနဲ့ (၀ယ်ပြီးမှ သွင်း/ထုတ်မရလို့ လက်တွေ့ သွားပြင်ခဲ့ရတယ်။)
-ဈေးနှုန်းကြီးခြင်း-တို့သည် ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီး မိုဘိုင်ဖုန်းရဲ့ အားနည်းချက် ဖြစ်တယ်။

ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးကို ဖုန်းအရောင်းဆိုင်ရဲ့ မှန်ပြူတင်းပေါက်ကနေ ငေးကြည့်ရုံသက်သက်ပဲ ဖြစ်ဖြစ်၊ အင်တာနက်ကနေ ကြေငြာထားတဲ့ ၀က်ဆိုက်တွေကို လေ့လာလို့ပဲ ဖြစ်ဖြစ်၊ စမတ်ကျအောင် စမတ်ဖုန်းကို ၀ယ်သုံးတော့မယ်လို့ ဆုံးဖြတ်ခဲ့ရင် ဖြစ်ဖြစ်ပါ၊ အောက်ပါအချက်အလက် အနည်းငယ်ကို သိထားနှင့်ပါ။
၁။ ၀ယ်သင့်/ မသင့်
၂။ ဒီဇိုင်း
၃။ စကရင်း
၎။ ဖြေဖျော်ရေးကဏ္ဍနဲ့ ဘက္ထရီ ခံနိုင်စွမ်းရည်
၅။ ဆော့ပ်ဝဲလ်နဲ့ အသုံးချတဲ့ အပ်ပ်များ
၆။ ကင်မရာ
၇။ အသံပိုင်းဆိုင်ရာ၊ ကြိုးပေါက်နှင့် ဆက်သွယ်ရေးကဏ္ဍ-တို့ကို မဖြစ်မနေ ကြိုတင် သိထားသင့်တယ်။

၁။ ၀ယ်သင့်/ မသင့်
ငွေကြေးကို လှိုင်လှိုင် မသုံးစွဲနိုင်တဲ့ သူတွေအတွက် အက်စ်-သရီး (SIII) ကို ၀ယ်သုံးရမယ်လို့ စာရင်းထဲ ထည့်မထားပါနဲ့ဦး။ ပေးရတဲ့ ငွေကြေးပမာဏက နည်းမှ မနည်းတာ။ အိန္ဒိယရူပီးနဲ့ဆို ၃၈,၉၉၀ (သုံးသောင်းရှစ်ထောင်နဲ့ ကိုးရာ့ကိုးဆယ်) မြန်မာငွေနဲ့ဆို ၆၀၅,၀၀၀ (ခြောက်သိန်းငါးထောင်) ၀န်းကျင် သွားကျမှာ။ Old Yeller ဇာတ်ကားထဲကလို ဒေါ်လာကိုတောင် မမြင်ဖူးတဲ့ မိသားစုထဲက ဖြစ်နေရင် သင့်ကလေးကို အက်စ်-သရီး စမတ်ဖုန်းကို ၀ယ်ပေးခြင်းဖြင့် မဖျက်စီးလိုက်ပါနဲ့လို့ပဲ ပြောပါရစေ…။
အက်စ်-သရီးဟာ ဘဏ်မှာ အပ်ငွေအလျှံပယ် ကြွယ်ဝနေတဲ့ မိသားစုလောက်သာ ၀ယ်သုံးသင့်တဲ့ စမတ်ဖုန်း အမျိုးအစားပါ။ သဇင်ဆိုတာ တော်ဝင်အတွက်မို့လား။ တော်ဝင်အလွှာတွေအတွက် သရီး-ဒီ ဂိမ်းကိုမှ ဆော့ချင်သပဆိုရင်၊ အရည်အသွေးမြင့် ရုပ်ရှင်/ ဗီဒီယိုကိုသာ အသာပြေတဲ့ သူဆိုရင်၊ အင်တာနက် အတက်နှေးနေတာကို သီးမခံနိုင်တဲ့ သူဆိုရင် အက်စ်-သရီးကို ၀ယ်ဖို့ရာ တိုက်တွန်းမိမှာ။

စင်စစ်ကား အက်စ်-သရီးဟာ ထိပ်တန်းစာရင်းဝင် စမတ်ဖုန်းပါ။ အန်ဒရွိုက်ဖုန်းလောကထဲမှာ အကောင်းတကာ့ အကောင်းဆုံးလို့ သုံးသပ်ရမှာပါ။ ဘာလို့လဲဆိုတော့ HTC ရဲ့ The One X ထက်၊ Apple ရဲ့ iPhone4S ထက် စီပီယူကော၊ အရည်အသွေးပိုင်းကော သာလွန်နေလို့ပါ။

၂။ ဒီဇိုင်း
အက်စ်-သရီးရဲ့ ဒီဇိုင်း အသွင်အပြင် ပုံသဏ္ဌာန်ဟာ အက်စ်-တူးရဲ့ သွင်ပြင် ပုံသဏ္ဌာန်နဲ့ လုံးဝ ခြားနားသွားပြီ။ အက်စ်-တူးရဲ့ ဒီဇိုင်းကို လုံးဝ စွန့်ပစ်ခဲ့တယ်။ အက်စ်-တူးဖုန်းရဲ့ ဒီဇိုင်းတုန်းက အိုင်ဖုန်းလို လေးဒေါင့်ကျကျ တုပသယောင် ယူသုံးထားပေမယ့် အက်စ်-သရီးရဲ့ ဒီဇိုင်းကိုတော့ အသစ်နီးပါး ဖန်တီးထားတယ်။ အထက်အောက် ဒေါင့်ချိုး ၂-ခုက ဘဲဥပုံ ဖြစ်လုမတတ်ပါပဲ။



အက်စ်-တူး (ညာဘက် ပုံ) တုန်းက လေးဒေါင့်ကျကျ ဖန်တီးထားပေမယ့် အက်စ်-သရီး (ဘယ်ဘက် ပုံ) မှာတော့ ဒေါင့်ချိုးတိုင်းကို လေးပုံ သုံးပုံ ချိုးထားပြီး ခပ်ဝိုင်းဝိုင်း ဖန်တီးထားတယ်။

နောက်ကျောဘက်ဆို ပိုတောင် ၀ိုင်းသေးတယ်။ ဒေါင့်အစပ်တိုင်းမှာ လေးပုံ သုံးပုံ ချိုးထားရုံသာမက အလယ်ဒေါင့် လေးဒေါင့်လုံးကို ခပ်လျှောလျှော လက်မ၀က်လောက် ချိုးထားသေးတယ်။ ဘေးကနေ ကြည့်ရင် ပါးနေတဲ့သဘောအဖြစ် ဖန်တီးထားပုံ ရတယ်။ နောက်ကျောဘက်မှာ မြှပ်ထားတဲ့ ၈-မီဂါပစ်ဆယ်လ် ကင်မရာက အလယ်မှာ ခပ်ကြီးကြီး နေရာယူထားပြီး ဘေးနှစ်ဘက် နှစ်ချက်မှာ ဖလက်မီးရယ်၊ စပိကာအသေးလေးရယ် ရွယ်တူ ထည့်မြှပ်ထားတယ်။

အက်စ်-သရီး (ပုံ-၂) ဟာ မူလစာမျက်နှာ (Home) ကို ခလုတ်နဲ့ပဲ ဖန်တီးပြီး ထိန်းသိမ်းထားဆဲပါ။

ဒီဇိုင်းပုံ အသစ်နဲ့ ပတ်သက်ရင် လူတိုင်း ကြိုက်မယ် မထင်ပါ။ ငြင်းကြ ခုန်ကြဆဲပါ။ စီနက်က အိုင်တီ ဝေဖန်ရေးသမားတွေက အက်စ်-သရီးရဲ့ ဒေါင့်ချိုးတွေ တအားကို လုံးနေတယ်လို့ သုံးသပ်ကြတယ်။ တစ်ချို့ကတော့ နောက်ဘက် လျှောချထားတာကို သဘောမကျဘူးလို့ စောဒကတက်ကြတယ်။ ဒီဇိုင်းက တအားဆန်းနေတော့ အမြန်ရိုးသွားနိုင်တယ်လို့ ဝေဖန်ကြတယ်။ အမှန်ကတော့ အရိုးစင်းဆုံးဒီဇိုင်းက ဘယ်တော့မှ မရိုးဘူးဆိုတာ သဘောက်ပေါက်သင့်တယ်။ ဘာပဲပြောပြော ချောမွေ့နေတဲ့ ဒေါင့်ချိုးတွေကို လက်ထဲမှာ ကိုင်တွယ်ရတာ တော်တော်လေး အဆင်ပြေလာပါတယ်။ ရှေးထုတ် ဖုန်းတွေနဲ့ စာရင်ပေါ့။ အထူ ၈.၈ မီလီမီတာ၊ အလေးချိန် ၁၃၃ ဂရမ် ရှိတဲ့ ဂလက်ဇီ အက်စ်-သရီးဟာ ဂလက်ဇီ မျိုးနွယ်ထဲမှာ အပါးဆုံးနဲ့ အပေါ့ဆုံးလို့ပဲ သတ်မှတ်ရမှာပါ။ HTC ရဲ့ The One X ထက် ပိုပါးပြီး၊ iPhone4s ထက် ပိုပေါ့တယ်။

S3 ကို ကြည့်ရတာ ပါးတယ်ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ S2 ထက်တောင် ပိုထူနေတယ်

ဂလက်ဇီ အက်စ်-သရီးဟာ အက်စ်-တူးထက် ၁-မီလီမီတာ ပိုထူနေတယ်။ အရွယ်အစားက ကြီးနေလို့ ပါးတယ် ထင်ရပေမယ့် တကယ်လက်တွေ့ တိုင်းတာကြည့်တော့ ပိုထူနေတာ အမှန်ပါ။ ဘောင်တစ်ခုလုံးကို ပလပ်စတစ်နဲ့ သုံးထားတာမို့လည်း အခြား စမတ်ဖုန်းတွေထက် ပိုပေါ့ပါးနေတယ်။ ဒါပေမယ့် သတ္တုနဲ့မှန်ပြားကို သုံးထားတဲ့ အိုင်ဖုန်းလိုတော့ ကြံ့ခိုင်မှု ရှိပါ့မလားလို့ သံသယ ၀င်စရာပါ။ ပလပ်စတစ် သုံးထားပေမယ့် ညက်ညက်ညောညောနဲ့ ဇိမ်ကျကျတော့ သုံးစွဲနိုင်တယ်လို့ အာမခံထားတာပဲတဲ့။ ဖုန်းကို ကိုင်စွဲတဲ့အခါ လက်ဖ၀ါးကနေ လေးနေတဲ့ ဖီလင် မဖြစ်ဖို့ ရည်ရွယ်ပြီး ပတပ်စတစ်နဲ့သာ ဖုန်းတစ်ခုလုံးကို ဖုံးအုပ်ထားတယ်လို့ ဆိုလေရဲ့။

နောက်ကျော တစ်ခုလုံးကိုလည်း ပလပ်စတစ်နဲ့ချည်း ဖုံးအုပ်ထားတယ်။ ဒါပေမယ့် ဖီလင်အပြည့်နဲ့ ကိုင်ရတယ်ဆိုပဲ

ဖုန်းရဲ့ အဖုံးကို ဖွင့်ပြီးမှ တွေ့ရတဲ့ ဆင်းကဒ် ထည့်မယ့် အပေါက်၊ ဘေးမှာ ယှဉ်ရက် တွဲဖက်ထားတဲ့ မမ်မိုရီကဒ် ထည့်မယ့်အပေါက်တွေဟာ ဒီထက်ပိုကောင်းဖို့ လိုနေသလားလို့ပါ။ ဒါပေမယ့် စမတ်ကျတာကို ဦးစားပေးတဲ့အတွက် အဖုံးနဲ့ ဖုံးအုပ်ထားတာကိုတော့ ခွင့်လွှတ်ရမှာပါ။

၃။ စကရင်း
အပြစ်ရှာ ပြောစတမ်းဆိုရင် ကြီးနေတဲ့ စကရင်း (တို့ထိမျက်နှာပြင်) ကိုလည်း ပြောရမှာပါ။ စကရင်းဆိုဒ်က ၄.၈ လက်မတောင် ကြီးနေတယ်။ အရည်အသွေးပိုင်းကိုတော့ မပြောလိုပါ။ ၁၂၈၀x၇၂၀ ရီဆိုလူးရှင်းဆိုတော့ တော်ရုံ လက်တော့ပ် ကွန်ပျူတာတောင် လိုက်မမီတဲ့ အဆင့်ပါ။ အဲ… စကရင်းအတွက် ထူးထူးခြားခြား သုံးထားတဲ့ နည်းပညာကတော့ AMOLED ပါ။ AMOLED နည်းပညာဆိုတာ အရင်ခေတ် သုံးခဲ့တဲ့ ရုပ်ပြနည်းပညာ ဖြစ်တဲ့ TFT နဲ့ စမတ်ဖုန်းပေါ်ကာစတုန်းက သုံးခဲ့တဲ့ သုံးစွဲနေဆဲဖြစ်တဲ့ OLED နည်းပညာ ၂-ခုကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ ရုပ်ပြနည်းပညာ တစ်ခုပါ။ အပ်ပယ်လ်ကုမ္ပဏီက အသစ်ထွင်ပြီး iPhone4s နဲ့ iPad3 မှာ သုံးစွဲနေတဲ့ Retina နည်းပညာလိုပေါ့။

ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးဖုန်းမှာ AMOLED နည်းပညာကို သုံးခဲ့ခြင်းကြောင့် ရုပ်ငြိမ်၊ ရုပ်ရှင်ကို ပသာဒခံ ကြည့်ရှုတဲ့အခါမှာ အပြင်က သဘာဝအရောင်နဲ့ ချွတ်စွတ်တူ ကြည့်နေရသလိုပဲ ခံစားရတယ်တဲ့။ ပုံမှန် စကရင်းတွေမှာ အပြာရောင်ကို ဒီပြင်အရောင်တွေနဲ့ ပေါင်းစပ်တဲ့အခါမှသာ အနက်ရောင် ဖြစ်ရပေမယ့် ဒီအက်စ်-သရီးမှာ ပေးထားတဲ့ အနက်ရောင်က တကယ့်လေးနက်နေတဲ့ အနက်ရောင်စစ်စစ်ပါတဲ့။

၅-လက်မနီးပါး ဖန်တီးထားတဲ့ စကရင်းကြီးနဲ့အတူ အရည်အသွေးကလည်း ၇၂၀ မီဂါပစ်ဇယ်လ်ဆိုတော့ အံ့သြဖွယ် ရုပ်ပုံ  ကို မြင်ရမှာပါ

ဒီပြင် စမတ်ဖုန်းတွေ ဖြစ်တဲ့ ဆိုနီအဲရစ်ဆင် (Xperia S) စမတ်ဖုန်းက ၁-လက်မနှုန်းကို ၃၄၂ ပစ်ဇယ်လ် ပေးတယ်။ HTC ရဲ့ One X ဖုန်းက ၁-လက်မနှုန်းကို ၃၁၂ ပစ်ဇယ်လ် ပေးတယ်။ အပ်ပယ်လ်ရဲ့ iPhone4, iPhone4s ကတော့ ၁-လက်မနှုန်းကို ၃၂၆ ပစ်ဇယ်လ် ပေးတယ်။ ဒါပေမယ့် ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးကတော့ ၁-လက်မနှုန်းကို ၃၀၆ ပစ်ဇယ်လ်ပဲ ပေးတယ်။ ဒီတော့ စာရင်းဇယားကို ကြည့်ရင် စကရင်း ကြည်လင်ပြတ်သားမှုကတော့ သိပ်တော့ မကွာသလိုပါပဲ။ ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးကတောင် နည်းသေးတယ်။ ဒါပေမယ့် အက်စ်-သရီးက အခြားဖုန်းတွေထက် စကရင်းကြီးနေလို့ ရီဆိုလူးရှင်းကို မြှင့်ထားပုံရတယ်။ သေချာတာက ၀က်ဆိုက်တွေကို သွားပြီး ဖတ်ကြည့်တဲ့အခါမှာ စာသား ကြည်လင်ပြတ်သားမှု ရှိ/ မရှိကို ချုံ့ / ချဲ့ ကြည့်လိုက်မှ တကယ့် အရည်အသွေးစစ်ကို စစ်ထုတ်နိုင်မှာပါ။

-ဆက်ရန်-

Jun 17, 2012

မိုဘိုင်ဖုန်း အသုံးအနှုန်း (၂)



မိုဘိုင်ဖုန်း အသုံးအနှုန်း (၁) ထဲမှာ ကနေ့ခေတ် မိုဘိုင်ဖုန်း တစ်လုံးရဲ့ အရေးပါပုံကို လည်းကောင်း။ မိုဘိုင်ဖုန်းမှာ အသုံးပြုနေတဲ့ ဖုန်းဝေါဟာရ အသုံးအနှုန်းတွေကို သိသင့်တန်သလောက် သိနိုင်အောင် လေ့လာသင့်ကြောင်းနဲ့အတူ မိုဘိုင်ဖုန်း အသုံးအနှုန်း ၁၀-လုံးကိုလည်း ရှင်းလင်း တင်ပြခဲ့ပါတယ်။ ကနေ့တော့ မိုဘိုင်ဖုန်းနဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းထဲက အချို့ကို ပြန်လည်ထုတ်နှုတ် တင်ပြပါမယ်။

11. Bandwidth = သတင်းအချက်အလက် သယ်ဆောင်နိုင်တဲ့ ပမာဏ (ဘန်ဝစ်)
တယ်လီဖုန်း ဆက်သွယ်ရေး (ကြိုး၊ ကြိုးမဲ့စနစ်) ကနေ (သို့မဟုတ်) ကွန်ပျူတာ ချိတ်ဆက်မှုကနေ တစ်ဆင့် သတင်းအချက်အလက်များကို သယ်ဆောင် ပေးပို့နိုင်တဲ့ ပမာဏကို ဘန်ဝစ်လို့ ခေါ်ပါတယ်။ အနာလော့ဂ်စနစ်မှာ အချိန်တစ်စက္ကန့်တိုင်းကို ဟတ်ဇ် (Hz) လို့ အတိုကောက် သုံးနေကြတဲ့ Hertz နဲ့ တိုင်းတာပါတယ်။ ဆိုလိုတာက တစ်စက္ကန့်အတွင်း သယ်ဆောင်နိုင်တဲ့ သတင်းအချက်များကို ၁-Hz လို့ ခေါ်တယ်။ ရူပဗေဒ စကားလုံးနဲ့ သုံးရရင် ဖရီကွမ်န်စီလို့ ခေါ်တဲ့ ကြိမ်နှုန်းရဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးကြားက ခုန်နှုန်း ကွာဟချက်ကို တွက်ချက်ပေးတာကို ဘန်ဝစ်လို့ ခေါ်တယ်။

ဒစ်ဂျစ်တယ်စနစ်မှာတော့ တစ်မျိုး။ ချန်နယ်လ် (လိုင်း) ကနေတစ်ဆင့် သယ်ဆောင် ပို့ပေးနိုင်တဲ့ ပမာဏ (သို့မဟုတ်) တန်ဖိုးကို ဘစ် (bit) နဲ့ တိုင်းတယ်။ တစ်စက္ကန့်အတွင်း သတင်းအချက် သယ်ဆောင်ပို့ပေးနိုင်သမျှကို ၁-ဘစ် (1-bit) လို့ သတ်မှတ်တယ်။ Bandwidth-ဆိုတဲ့ စကားလုံးဟာ Band နဲ့ width နှစ်လုံး တွဲသုံးထားတာမို့ ကြိုးမဲ့ တယ်လီဖုန်းစနစ်မှာ သုံးနေတဲ့ Band ဝေါဟာရနှင့် မရောမိပါစေနဲ့။ အဲဒီဟာက MHz နဲ့ အတိုကောက်သုံးပြီး စီမံခန့်ခွဲတဲ့ လိုင်းကို ဆိုလိုတယ်။ ဥပမာ- မြန်မာနိုင်ငံမှာ သုံးတဲ့ဖုန်း GSM 900 MHz, CDMA 800 MHz, CDMA 450 MHz ဆိုတဲ့ သဘောပါ။ ဒီ Bandwidth ဝေါဟာရကတော့ ပမာဏကို ဆိုလိုတယ်။ အဲဒီ 900 MHz သုံးတဲ့ ဂျီအက်စ်အမ်ဖုန်းထဲသို့ သတင်းအချက်အလက် (စာ၊ ရုပ်၊ သံ) သယ်ဆောင်ပေးနိုင်တဲ့ ပမာဏကို Bandwidth လို့ လွယ်လွယ် မှတ်သားနိုင်ပါတယ်။

12. Bit = ဘစ်
Bit ဆိုတဲ့စကားလုံးက Binary (ပေါင်းစည်းခြင်း) နဲ့ Digit (ဂဏန်း) စာလုံးနှစ်လုံးကို ပေါင်းစပ်ထားတာပါ။ ဂဏန်း ၂-လုံးကို အခြေပြုပြီး တီထွင်ထားတဲ့ ဒစ်ဂျစ်တယ်လ် နည်းပညာမှာ ဘယ်အရာမဆို တစ်ခုက “သုည” ဖြစ်ရပြီး နောက်တစ်ခုက “တစ်” ဖြစ်ရမယ်။ ဆိုလိုတာက ၁-ဘစ် (1-bit) ဟာ ဂဏန်း ၂-လုံးဖြစ်တဲ့ “0” သို့မဟုတ် “1” တစ်ခုခုကို ကိုယ်စား ပြုထားတယ်။ (byte ကို ထပ်ကြည့်ပါ။)

13. Bluetooth = ဘလူးတု(တ်)
PANs ဆိုတဲ့ တစ်ဦးချင်း ဧရိယာ ကွန်ရက် (Personal Area Networks) ကို ဖန်တီးပြီး အသုံးပြုရန် တီထွင်ထားတဲ့ တာတို-ကြိုးမဲ့စနစ်ကို ဘလူးတု(တ်) လို့ ခေါ်ပါတယ်။ သင့်ဖုန်းနဲ့ပဲ ဖြစ်ဖြစ်၊ အနီးအနားမှာရှိနေတဲ့ ဖုန်းကိုပဲဖြစ်ဖြစ် တာတို-ဆက်သွယ်မှုအတွက် အသုံးပြုရတဲ့ ကိရိယာ တစ်ခုပေါ့။
ဘလူးတု(တ်) ဆိုတာနဲ့ အချင်းချင်း ဆက်သွယ်နိုင်တဲ့ ကိရိယာ ၂-ခု ရှိရပါမယ်။ ဘလူးတု (တ်) နားကြပ်ရယ်၊ ဘလူးတု (တ်) ပို့လွှတ်နိုင်တဲ့ ကိရိယာရယ်ပေါ့။ ဒါမှမဟုတ် ပို့လွှတ်တဲ့ ကိရိယာနဲ့ လက်ခံရယူတဲ့ ကိရိယာဆိုပြီး ၁-စုံ ရှိရပါမယ်။ ပို့လွှတ်တဲ့ ကိရိယာက ဖုန်း၊ သင်ပုန်း၊ ကွန်ပျူတာ တစ်ခုခုဖြစ်ပြီး၊ လက်ခံရယူတဲ့ ကိရိယာကတော့ ဖုန်း၊ သင်ပုန်း၊ ကွန်ပျူတာအပြင် ကြိုးမဲ့-နားကြပ်ပါ ပါဝင်တယ်။

အခုနောက်ဆုံးပေါ် စမတ်ဖုန်း၊ ပမ် (လက်ဖ၀ါးတင် ကွန်ပျူတာ)၊ သင်ပုန်း (ကွန်ပျူတာ အပြား)၊ လက်တော့ပ် (ပေါင်ပေါ်တင် ကွန်ပျူတာ) အများစုမှာ ဘလူးတု (တ်) စနစ်ကို တပ်ဆင်ထားကြတယ်။ ဘလူးတု (တ်) ပို့လွှတ်နိုင်တဲ့ အကွာအဝေးကို တွက်ချက်ပြီး အဆင့်-၁ နဲ့ အဆင့်-၂ ခွဲခြားထားတယ်။ အဆင့်-၁ ကိုတော့ အကွားအဝေး ပေပေါင်း ၃၀၀ (သုံးရာ) အထိ သုံးစွဲနိုင်ပြီး၊ အဆင့်-၂ ကိုတော့ ပေ-၃၀ ၀န်းကျင်မျှသာ အသုံးပြုနိုင်မှာပါ။
ဘလူးတု (တ်) ဟာ ၁၀-ရာစုခေတ်တုန်းက နော်ဝေးနဲ့ ဒိန်းမတ် နှစ်နိုင်ငံကို ပေါင်းစည်းနိုင်ခဲ့တဲ့ ဘုရင်မင်းမြတ် ဟာရယ်ဘလူးတု (တ်) (Harald Bluetooth) ရဲ့ နာမည်ရင်းပါ။ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီနာမည်ကို ရွေးပေးထားခြင်း ဖြစ်တယ်။

14. Broadband = ဘရော့ဘန်
Broadband ဆိုတာနဲ့ ပုဂံဆိုက်ဘာတက်ခ်ကနေ မြန်မာနိုင်ငံအနှံ့အပြားမှာ တပ်ဆင်ထားခဲ့တဲ့ ဒယ်အိုးစလောင်းကြီးကို မြင်ယောင်နေကြမှာပါ။ တကယ်တော့ ဘရော့ဘန်-ဆိုတာကလည်း ကွန်ပျူတာနဲ့ အင်တာနက်ကို ချိတ်ဆက် သုံးစွဲနိုင်ဖို့ သတင်းအချက်အလက်တွေကို ပို့လွှတ်ပေးတဲ့ စနစ်တစ်ခုပါပဲ။ ဒါပေမယ့် ရိုးရိုးဘန် (Band) စနစ်မှာတော့ ကြိမ်နှုန်း အနည်းငယ်ကိုသာ ပို့လွှတ်ပေးနိုင်တယ်။ တစ်စက္ကန့်မှာ 3 MHz ပဲ ပို့လွှတ်နိုင်တယ်။ ဒီဘရော့ဘန် (Broadband) ကျတော့ တစ်စက္ကန့်အတွင်း 3 MHz ထက်မက ပိုပြီး ပို့လွှတ်နိုင်တယ်။ ဘရော့ဝေး (Broadway) ဆိုတဲ့ အသုံးအနှုန်းကို သတိရကြမှာပါ။ လမ်းမကြီး-လို့ အဓိပ္ပါယ် ရတယ်လေ။ လမ်းမကြီးဆိုတော့ လမ်းက ကျယ်တယ်။ လမ်းက ကျယ်တော့ ယာဉ်တွေ ပိုသွားလာနိုင်တယ်လေ။ အလားတူပဲ သတင်းအချက်အလက် အများကြီးကို ပို့လွှတ်နိုင်တဲ့စနစ်ကို Broadband လို့ ခေါ်တာပါ။
မြန်နှုန်းမြင့်စနစ် (High-Speed) ကိုလည်း ဘရော့ဘန်လို့ ခေါ်သေးတယ်။ ဘယ်လောက်အထိ မြန်နှုန်းမြင့်သလဲဆိုရင် စလောင်းကနေ ထုတ်လွှတ်တဲ့ သတင်း၊ ရုပ်ရှင်၊ ဗီဒီယိုတွေကို တီဗီ (ရုပ်မြင်သံကြား) စက်နဲ့ တိုက်ရိုက် ဖွင့်ကြည့်နိုင်သလို ဘရော့ဘန်စနစ်ကို သုံးပြီး အင်တာနက် လွှင့်မယ်ဆိုရင် သတင်း၊ ရုပ်ရှင်၊ ဗီဒီယိုတွေကို ကွန်ပျူတာ၊ သင်ပုန်း၊ ဖုန်းတွေနဲ့ အထစ်အငေါ့မရှိ ကြည့်ရှုနိုင်တယ်။

15. Browser (Mini-Browser) = ဘရောက်စာ (အသေးလေး)
ဘရောက်စာ-ဆိုတာက အင်တာနက်ပေါ်မှာ လွှင့်တင်ထားတဲ့ ၀က်ဆိုက် (web-site) တွေကို ဖွင့်ကြည့် ရှာဖွေနိုင်တဲ့ အသုံးချကိရိယာ တစ်မျိုးပါ။ Internet Explorer, Mozilla Firefox, Google Chrome တွေကို ဘရောက်စာလို့ ခေါ်ပါတယ်။ ၀က်ဆိုက် ပိုင်ရှင်တွေကို ဒီဘရောက်စာတွေနဲ့ပဲ ပေးချင်တဲ့ သတင်းအချက်အလက်ကို အင်တာနက်ပေါ် လွင့်တင်ကြသလို အင်တာနက် အသုံးပြုသူတွေကလည်း ဒီဘရောက်စာတွေကိုပဲ ဖွင့်ပြီး သူတို့ လိုချင်တဲ့ သတင်းအချက်အလက်တွေကို စူးစမ်းရှာဖွေကြတယ်။

အရင်ခေတ်ကဆို ကွန်ပျူတာသုံး ဘရောက်စာ (Browser) ကိုပဲ တီထွင်ခဲ့ကြတယ်။ ယေဘုယျအားဖြင့် 800x600 pix အရွယ်အစားလောက်ပေါ့။ အခုကျတော့ ခေတ်မီတဲ့ သင်ပုန်းတွေ ဖုန်းတွေ ခေတ်နဲ့အညီ ပေါ်လာပြီ။ ဒီတော့ကာ ဘရောက်စာ အသေးလေး (Mini-broswer) ကို ထပ်ပြီး တီထွင်ခဲ့ရတယ်။ 320x480 pix အရွယ်အစားလောက်ပေါ့။ ကွန်ပျူတာသုံး ဘရောက်စာတွေကို ဖုန်းမှာ သုံးလို့ မရတာတော့ မဟုတ်ဘူး၊ ရတယ်။ ဒါပေမယ့် ၀က်ဆိုက်ရဲ့ မူလစာမျက်နှာနဲ့ ကွက်တိ မဖြစ်ဘူး။ တအားကြီးနေတယ်။ အကုန်မြင်ဖို့အရေး စာမျက်နှာကို ဟိုရွှေ့ ဒီတွန်း လုပ်မှ ရမှာကိုး။ (ခုတလော ၀က်ဆိုက်တွေ၊ ဘလော့တွေကို မိုဘိုင်ဖုန်းစာမျက်နှာဆိုပြီး Google က ၀န်ဆောင်မှု သီးသန့် ပေးထားတယ်၊ ဒီ ayechanmon.blogspot.com ဘလော့ကိုလည်း မိုဘိုင်ဖုန်းနဲ့ ဖွင့်ကြည့်လို့ ရတယ်။

16. Byte = ဘိုက်
နီးစပ်ထောင့်များရဲ့ အစဉ်အတန်း တစ်ခု (ပုံမှန်အားဖြင့် ၈-ခု) ကို ၁-ယူနစ်လို့ ခေါ်တယ်။ ၁-ယူနစ်ကို ၁ နဲ့ ၀ ချည်း ၈-ခုပြည့်အောင် ပေါင်းထားစပ်ထားတယ်။ ဒီပေါင်းစပ်တစ်ခုကို ၁-ဘိုက်လို့ ခေါ်တယ်။ ၁-ဘိုက်ဆိုတာနဲ့ “0 0 1 1 0 1 0 1” ဂဏန်းစဉ် ၈-လုံး ဖြစ်နေရမယ်။ ဥပမာ - စာချည်းသက်သက် ပါတဲ့ ဖိုင်တစ်ခုမှာ စာဖိုင်တွေကို အက္ခရာတွေက ကိုယ်စားပြုမနေဘဲ၊ ဒီအစဉ်အတန်း ဂဏန်းတွေကသာ နေရာယူ ကိုယ်စားပြုနေမှာပါ။ bit ကနေ byte ဖြစ်၊ byte ကနေ Mega-byte ဖြစ်၊ Mega-byte ကနေ Gaga-byte ဖြစ်သွားတာကို သတိပြုပါ။ အခုခေတ် သုံးစွဲနေတဲ့ KB, MB, GB ဆိုတာ ဘိုက်ကို အခြေခံထားတဲ့ စနစ်ပါပဲ။


17. 12-key Keypad = ဂဏန်း ၁၂-လုံးပါ ကီးပက်
ပုံမှန် တယ်လီဖုန်း တစ်လုံးရဲ့ ကီးပက်ဟာ ၃-တိုင်နှင့် ၄-တန်း ရှိတတ်ပါတယ်။ ထိပ်ဆုံးတန်းမှာ ဂဏန်း 1. 2. 3 ပါရှိပြီး၊ အောက်ဆုံးတန်းမှာတော့ *. 0. # (စတား၊ ဇီရိုး၊ ဟက်) တို့ ပါဝင်တယ်။ ဂဏန်း 2 3 4 5 6 8 အကွက်တို့မှာ အက္ခရာ ၃-လုံးစီ (၁၈-လုံး) ထည့်ထားပြီး၊ 7 နဲ့ 9 မှာတော့ အက္ခရာ ၄-လုံးဆီ (၈-လုံး) ထည့်သွင်းထားတယ်။ ဒါကို ၁၂-ကီး ကီးပက် (ဂဏန်း ၁၂-လုံးပါ ကီးပက်) လို့ ခေါ်ပါတယ်။ ခေတ်ဟောင်းဖုန်းကို သုံးခဲ့ပြီး ခုခေတ်ပေါ် မိုဘိုင်ဖုန်း (တို့ထိမျက်နှာပြင်) နဲ့ မရင်းနှီးသေးရင် ဒီကီးပက်ပုံစံ 12-key Keypad ကိုသာ ရွေးချယ်ပြီး သုံးစွဲလိုက်ပါ။

18. 20-key Keyboard = အလုံး ၂၀ ကီးဘုတ်
ကွန်ပျူတာလက်ကွက်သုံး ပုံမှန် ကီးဘုတ်ဖြစ်တဲ့ (QWERTY- ကွာတီ) ကို ထက်ဝက် ခြမ်းထားတဲ့ ကီးဘုတ်အမျိုးအစားကို 20-key Keyboard လို့ ခေါ်ဆိုတယ်။ ဖုန်း၊ သင်ပုန်းမှာက နေရာကျဉ်းတဲ့အတွက် တစ်ခါနှိပ် တစ်ခြမ်းစီ စတိုင်လ်နဲ့ ပြုလုပ်ထားတာပါ။ ပုံမှန် ကွန်ပျူတာရဲ့ ကီးဘုတ်တွေနဲ့ အကျွမ်းဝင်နေတဲ့ သူတွေကို ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်။


19. QWERTY = ကွာတီ ကီးဘုတ်
ကွန်ပျူတာရဲ့ ပုံမှန် ကီးဘုတ်ကိုတော့ QWERTY- ကွာတီလို့ ခေါ်ဆိုကြတယ်။ ဘယ်ဘက် ထိပ်ဆုံး တစ်ခြင်းက အက္ခရာဖြစ်တဲ့ Q W E R T Y ကို စုပေါင်းပြီး ခေါ်ဆိုခြင်းပါ။ လက်နှိပ်စက်လို့ ခေါ်တဲ့ တိုက်ပရိုက်တာ (Typewirer) ခေတ်ကတည်းက အင်္ဂလိပ်စာအတွက် စနစ်တကျ တီထွင်ထားတဲ့ လက်ကွက်ရဲ့ အနေအထားအတိုင်း ကွန်ပျူတာ ကီးဘုတ်မှာ ပြန်လည် အသုံးချတာပါ။
ကီးပက် (Key Pad) နဲ့ သုံးတဲ့ ဖုန်းခေတ်မှာကျတော့ ဒီလက်ကွက်ကို သုံးရင် လက်ကွက် သေးသွားမယ်၊ အက္ခရာ/ဂဏန်း တစ်လုံးနဲ့တစ်လုံး ကပ်သွားမယ်။ ဆိုးကျိုးကတော့ ရိုက်တဲ့အခါ မမြင်မစမ်း ဖြစ်တာလို့၊ ဒီရိုက် ဟိုထွက်တာတို့ ဖြစ်မှာ သေချာတယ်။ ဒါကြောင့် ကီးပက်ခေတ်မှာ ဒီကွာတီစနစ်ကို မသုံးဖြစ်ဘူး။ တို့ထိမျက်နှာပြင် (Touch Screen) ခေတ်မှာတော့ ဖုန်းကော၊ သင်ပုန်းပါ အရွယ်အစား ကြီးလာတယ်။ ကီးဘုတ်ကိုလည်း အရွယ်အစားစုံ ချုံ/ချဲ့လို့ ရတာမို့ ကွာတီစနစ် ကီးဘုတ်ကို ပြန်သုံးဖြစ်တာပါ။ ကွန်ပျူတာလက်ကွက်နဲ့ အကျွမ်းဝင်ပြီးသား စာရိုက်သမားတွေအတွက်ကတော့ ကွာတီကီးဘုတ်ကိုပဲ မြေကြီးလက်ခတ်မလွဲ ရွှေးချယ်ကြမှာ အမှန်ပေ။

20. GPS = ဂျီပီအက်စ် (မြေပုံစနစ်)
ဂျီပီအက်စ် (GPS) ဆိုတာ ကမ္ဘာလုံးဆိုင်ရာ မြေပုံ အသုံးပြုစနစ်ကို ရည်ညွှန်းတာပါ။ Global Positioning System (GPS) ပေါ့။ ဖုန်းကိုင်ထားသူက ဘယ်နေရာမှာ ရောက်နေသလဲဆိုတာကို ဂျီပီအက်စ်-ဂြိုဟ်တုကနေတစ်ဆင့် သက်ဆိုင်ရာ ဖုန်းရုံးဆီသို့ အကြောင်းကြားပြီး ဖုန်းကိုင်သူထံ ပြန်လည် အသိပေးတဲ့ စနစ်တစ်ခုပါ။
ဥပမာ - ကမ်းနားဟိုတယ်မှာ တည်းခိုနေတဲ့ နိုင်ငံခြားသား တစ်ယောက်က ရွှေတိဂုံဘုရားကို သွားချင်တယ် ဆိုပါစို့။ ဂျီပီအက်စ်ရဲ့ ဆပ်ခ်ျဘောက် (Search Box) မှာ “Shwedagon Pagoda” လို့ ရိုက်ထည့်လိုက်မယ်။ Search (ရှာဖွေ) ကီးကို နှိပ်လိုက်မယ်။ ဒါဆိုရင် ကမ်းနားဟိုတယ်ကနေ ရွှေတိဂုံဘုရားသို့ သွားရမယ့် လမ်းကြောင်းကို ဂျီပီအက်စ် (GPS) စနစ်က တွက်ချက် ဖော်ပြပေးပါလိမ့်မယ်။
ဖုန်းနဲ့ အင်တာနက်သုံးတာ ခေတ်မစားသေးတဲ့ မြန်မာပြည်အတွက် ဂျီပီအက်စ်ကို ၂-မျိုး ခွဲထားတယ်ဆိုပဲ။ အွန်းလိုင်း-ဂျီပီအက်စ်နဲ့ အော့ပ်လိုင်း-ဂျီပီအက်စ် ပေါ့။ Online GPS ကိုတော့ ဖုန်းမှာ အင်တာနက်ချိတ်ထားတဲ့ သူတိုင်းက ဖုန်းလိုင်းဝင်တဲ့ နေရာတိုင်းမှာ သုံးလို့ ရတယ်။ 0ff line ကိုတော့ ဖုန်းလိုင်း မ၀င်တာပဲ ဖြစ်ဖြစ်။ အင်တာနက် ကွန်နက်ရှင်း မရတာပဲ ဖြစ်ဖြစ် ဖြစ်ရုံလေး သုံးလို့ရအောင် ပုံသေ ထည့်ပေးထားတဲ့ မြေပုံစနစ်ပေါ့။
 
-ဆက်ရန်-

Jun 15, 2012

ဒေါက်တာဆရာတော်အား ဆွမ်းကပ်



မနေ့ (14-06-2012) က နေ့လည်ဆွမ်းကို စောမိုင်ယစင်တာ ဗုဒ္ဓဘာသာဌာနမှ ဒါရိုက်တာက ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ မွန်ဘိုင်းတက္ကသိုလ်မှာ ဗိုက်ဗာ (နှုတ်ဖြေ၊ အင်တာဗျူး) ထိုင်တဲ့ စစ်ကိုင်းတိုင်း၊ မုံရွှာ မြို့မရွှေဂူကျောင်းမှ ပတ္တမြားရောင်ဆရာတော် အရှင်စန္ဒာဝရ PhD ဘွဲ့ ရတဲ့ အထိမ်းအမှတ်အနေနဲ့ ဆွမ်းဆက်ကပ် လှူဒါန်းတာပါ။

ဆွမ်းဆက်ကပ်တဲ့ နေရာကတော့ K. J. Somaiya Institute of Management Studies and Research Academic Building ရဲ့ မြေညီထပ် ကင်းတင်းမှာပါ။ ဆွမ်းဆက်ကပ်ရာသို့ ပိုလီတက္ကနစ် အင်ဂျင်နီယာအဆောင်မှာ သီတင်းသုံးနေကြတဲ့ သုတေသနကျမ်းပြု သံဃာတော် (၉) ပါးနှင့် Somaiya Centre for Buddhist Studies ဌာနမှာ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်းအားလုံး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ မနက် ၁၁း၃၀ အချိန်မှာပါ။ “မွန်ဘိုင်တက္ကသိုလ်ကနေ ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့ရ ဆရာတော်ကို ရည်မှန်းပြီး ကောင်းမှုကုသိုလ် ပြုရတာပါ” လို့ ဒါရိုက်တာက ပြောပါတယ်။



PhD ဘွဲ့ ရရှိခဲ့တဲ့ ပတ္တမြားရောင်ဆရာတော် အရှင်စန္ဒာဝရဟာ စောမိုင်ယကောလိပ်မှာ ရုံးထိုင်ဖွင့်လှစ်ထားတဲ့ Somaiya Centre for Buddhist Studies ဌာနအောက်ကနေ သုတေသန ကျမ်းပြုခဲ့တာပါ။ ပတ္တမြားရောင်ဆရာတော် အရှင်စန္ဒာဝရဟာ၂၀၀၈-ခုနှစ်၊ ဇူလိုင်လမှာ မွန်းဘိုင်တက္ကသိုလ်ရဲ့ ပီအိပ်ခ်ျဒီ ကျောင်းသားမှတ်ပုံတင် ကျခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မတ်လတွင် ကျမ်းကြီးကို တင်နိုင်ခဲ့တယ်။ ယခုနှစ် ဇွန် ၁၂-ရက်နေ့မှာ ဗိုက်ဗာလို့ခေါ်တဲ့ နှုတ်ဖြေစာမေးပွဲကို ထပ်အောင်မြင်ခဲ့တဲ့အတွက် PhD ဘွဲ့ကို ရရှိခဲ့တာပါ။

ခုလောလောဆယ်မှာတော့ မကွေးတိုင်း၊ ညောင်ဦး (ပုဂံ-ညောင်ဦး) မှ ဆရာတော်ဦးသိရိန္ဒက သုတေသနကျမ်းကြီးကို တင်နိုင်ခဲ့ပြီး၊ မွန်ပြည်နယ် တောင်စွန်းမှ ဆရာတော်အရှင်ကဉ္စနကတော့ သုတေသနကျမ်း ပုံစံငယ် (Final Synopsis) ကို တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ စည်းမျဉ်းအရ နောက်ထပ်၂-လ ကြာတဲ့အချိန်မှာ ကျမ်းကြီးကို တင်နိုင်တော့မှာပါ။



လာမယ့် ဇွန်လ ၂၂-ရက်နေ့မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ မြကျွန်းသာ မိုးကုတ်ရိပ်သာမှ ဒေါက်တာအရှင်ပါရမီ မွန်ဘိုင်းတက္ကသိုလ်ရဲ့ ထပ်ဆင့် PhD ဘွဲ့အတွက် ဗိုက်ဗာ လာထိုင်ဦးမှာပါ။ (ဒေါက်တာအရှင်ပါရမီဟာ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်မှ PhD ဘွဲ့ ရခဲ့ပြီး ဖြစ်တယ်။) ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လတုန်းကလည်း ဒီဗုဒ္ဓဘာသာဌာနကနေ တစ်ဆင့် မွန်ဘိုင်းတက္ကသိုလ်ရဲ့ PhD ဘွဲ့ကို ရန်ကုန်မြို့ မင်းကွန်းတောရကျောင်းက ဒေါက်တာအရှင်သာဓိန ရရှိခဲ့ပြီ ဖြစ်တယ်။

မွန်ဘိုင်းတက္ကသိုလ်အောက်မှာ PhD ဘွဲ့အတွက် လက်ရှိ သုတေသနကျမ်းပြုနေတဲ့ မြန်မာနိုင်ငံတစ်ဝန်းမှ ဆရာတော်သံဃာတော်များဟာ ၁၃ ပါးရှိပါတယ်။ ထို့အပြင် PhD ၀င်ခွင့် အောင်ပြီး Topic Approval Letter စောင့်နေတဲ့ သံဃာတော် ၄-ပါးနဲ့ PhD ၀င်ခွင့် ဖြေဆိုထားပြီး အောင်စာရင်း စောင့်နေကြတဲ့ သံဃာတော် ၄-ပါးတို့လည်း PhD ကျောင်းသားစာရင်းမှာ ပါဝင်ပါတယ်။

Jun 14, 2012

မိုဘိုင်ဖုန်း အသုံးအနှုန်း (၁)



မီဒီယာ (Media) ခေတ်လို့ ခေါ်ဆိုနေကြတဲ့ ကနေ့ခေတ်ဟာ မိုဘိုင်ဖုန်း (Mobile Phone) နဲ့ မီဒီယာကို လက်ခံ ရယူကြသလို မိုဘိုင်ဖုန်းနဲ့ပဲ မီဒီယာကို ပြန်လည် မျှဝေ (Share) ကြတယ်။ ဒီတော့ကာ “သက်ရောက်နိုင်အား” ဖော်မြူလာအရ မီဒီယာသမားတွေက မိုဘိုင်ဖုန်းကို အသားပေးလာကြရတယ်။ ဆိုလိုတာက မိုဘိုင်ဖုန်းအတွက် သီးသန့် မီဒီယာကဏ္ဍကို ဖန်တီးလာကြတယ်။ တစ်ဖန် “တန်ပြန်သက်ရောက်အား” ဖော်မြူလာအရ မိုဘိုင်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက မိုဘိုင်ဖုန်းမှာ မီဒီယာကဏ္ဍ ပြည့်စုံသထက် ပြည့်စုံလာအောင် ထည့်သွင်း ထုတ်လုပ်ကြရတယ်။ အများနားလည်တဲ့ စကားလုံးနဲ့ ပြောရရင် ဘယ်သတင်းမဆို မိုဘိုင်ဖုန်းနဲ့ ဖတ်နိုင်အောင်၊ ဘယ်ရုပ်ပုံမဆို မိုဘိုင်ဖုန်းနဲ့ ကြည့်နိုင်အောင်၊ ဘယ်အသံ/ သီချင်းမဆို မိုဘိုင်ဖုန်းနဲ့ နားထောင်လို့ ရအောင်၊ ဘယ်ဗီဒီယို/ရုပ်ရှင်မဆို မိုဘိုင်ဖုန်းနဲ့ ကြည့်ရှုနိုင်အောင် မိုဘိုင်ဖုန်းကို ထုတ်လုတ်တဲ့ ကုမ္ပဏီတွေက အပြိုင်ကြဲ ထုတ်လုပ်ကြရတော့တယ်။

အရင်ခေတ်တွေတုန်းကဆို ဖုန်းဆိုတာနဲ့ စကားပြောတဲ့ ခွက်လောက် သိထားကြတာပါ။ ဒီခွက်ကို တစ်နေရာမှာ အတည် ထားထားရတယ်။ ကိုယ်က ဆက်ချင်လို့ပဲ ဖြစ်ဖြစ်၊ ဟိုဘက်က ဆက်လာလို့ပဲ ဖြစ်ဖြစ် ဒီစကားပြောခွက် ရှိတဲ့နေရာကို သွားပြီး ဆက်သွယ်မှု ပြုကြရတယ်။ အဲဒီခေတ်ကို တယ်လီဖုန်းခေတ် (Telephone) လို့ ခေါ်တယ်ဆိုပဲ။

နောက်တစ်ခေတ်ကျတော့ သွားလေရာ လာလေရာမှာ ကိုယ်နဲ့မကွာ သယ်ဆောင်သွားနိုင်တဲ့ စကားပြော ကိရိယာ တစ်ခုအဖြစ် ဖုန်းကို အဆင့် ထပ်မြှင့်ခဲ့ကြတယ်။ ဘယ်နေရာပဲ ရောက်ရောက် ဘယ်မှာပဲ ပေါက်နေပေါက်နေ ဒီစကားပြော ကိရိယာကိုသာ ဆောင်သွားလေ။ အိုကေပြီ။ အာဖရိကတိုက်က အမဲလိုက် မုဆိုးတွေ ဒီစကားပြော ကိရိယာကို သုံးပြီး အမဲကောင်ကို တောလှန့် တောခြောက်ကြတယ် ဆိုပဲ။ ဒါကို မိုဘိုင်ဖုန်းခေတ် (Mobile Phone) လို့ ပြောရလေမလားပဲ။

အဲ… အခုခေတ်ကျတော့ မိုဘိုင်ဖုန်းဆိုတာ ဖုန်းဆက်ရုံလေးသာ အသုံးဝင်တဲ့ ခေတ် မဟုတ်တော့ဘူး။ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုက ကျယ်ပြန့်လာပြီ။ မီဒီယာ ပေါင်းစုံကို ဘက်ပေါင်းစုံကနေ အသုံးချနိုင်တယ်။ ဘယ်နေရာရောက်ရောက် စာ ကောက်ဖတ်နိုင်တယ်။ ဘယ်နေရာသွားသွား သတင်း နားထောင်နိုင်တယ်။ သူငယ်ချင်းတွေနဲ့ အပျင်းပြေ ဂိမ်းဆော့ကစားနိုင်တယ်။ မိုးလေတစိမ့်စိမ့် လွမ်းရိပ်ပိုက သီချင်း၊ ကာရာအိုကေနဲ့ ကခုန်နိုင်တယ်။ တီဗီ ဗီဒီယို ခိုးကြည့်နိုင်တယ်။ ဒါတင် ဘယ်ဟုတ်လိမ့်မတုန်း တွှေ့ကရာမြင်ကွင်း ဖုန်းနဲ့ မှတ်တမ်းတင်နိုင်တယ်။ ဘယ်ဖြစ်ရပ်မဆို ဓာတ်ပုံခိုးရိုက်ကာ အင်တာနက်ပေါ် တန်းတင်နိုင်တယ်။ ဒါကြောင့်လည်း ကနေ့ခေတ်သုံး ဖုန်းကို စတိုင်ကျကျ စမတ်ကျကျ ကိုယ်တွယ်သုံးစွဲနိုင်တာမို့ စမတ်ဖုန်း (Smart Phone) လို့ ခေါ်ကြတယ် ထင်ပါရဲ့။

အဲဒီလို ဘက်စုံတော်တဲ့ ခေတ်မှာ ဘက်စုံ အသုံးဝင်တဲ့ စမတ်ဖုန်းကို တို့တစ်တွေက သုံးနေကြပါရက်နဲ့ ဖုန်းရဲ့ အသုံးအနှုန်း ခေါ်ဆိုပုံကို တီးမိခေါက် မိ မရှိခဲ့ငြား “မြင်းခွစီးလျှက် အထီးအမ အခွဲခက်” သလိုမျိုး ဖြစ်သွားမှာ စိုးတယ်။ ဒါကြောင့်လည်း စမတ်ဖုန်းဆိုတာ စမတ်ပဲ ကျသလား၊ တစ်မတ်ပဲ တန်ရော့သလား ခွဲခြား သိနိုင်အောင် ဇွတ်လေ့လာ၊ ဇွတ်အသုံးချ၊ ဇွတ်သုံးပစ်လိုက်ကြပါစို့။

ဖုန်းအသုံးအနှုန်းတွေထဲက အသုံးများတဲ့ ဖုန်းဝေါဟာရကို အချိန်ရရင် ရသလို တင်ပြပေးသွားမှာပါ။ တင်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာစဉ်အတိုင်း ကောက်နှုတ် တင်ပြဖို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် ကြုံရင်ကြုံသလို အသစ်ထွက်ပေါ်လာတဲ့ ဝေါဟာတွေကိုလည်း အခါအားလျှော်စွာ ကြားညှပ် တင်ပြမှာပါ။ ကနေ့အဖို့ တင်ပြမှာကတော့ အက္ခရာစဉ်ထဲက ပထမဦးဆုံး အေ (A) နဲ့ စလိုက်ကြရအောင်-



1.Accelerometer = တိုင်းတာသည့် ကိရိယာ
ဖုန်းကို အပေါ်ဘက်သို့ ထောင်လိုက် ဖြစ်ဖြစ်၊ အောက်ဘက်သို့ လှဲချတာပဲ ဖြစ်ဖြစ်၊ ရုပ်ပုံ အလိုလိုလှည့်ပေးသည့် စနစ်ပါ။ ဖုန်းကသာ ဒေါင်လိုက်၊ အလျားလိုက် ဖြစ်ချင် ဖြစ်မယ်၊ ရုပ်ပုံကတော့ မူလအတိုင်းပါပဲ၊ မပြောင်းလဲပါ။ ဘယ်လိုပဲ စောင်းစောင်း ရေပြင်ညီအတိုင်း တစ်မတ်တည်း ရှိနေတတ်တဲ့ ပြဒါးမျဉ်းနဲ့ အလားတူတယ်လို့ပဲ ပြောရမလား။ ပစ်ချလိုက်တိုင်း ထောင်ထောင်နေတဲ့ ပစ်တိုင်းထောင်လို ချွတ်စွတ်လို့ပဲ ဆိုရမလား မသိပါ။ သေချာတာက နာရီလက်တံ လည်သလို ဖုန်းကို လှည့်ကြည့်လိုက်ပါ၊ ဖွင့်ထားတဲ့ ရုပ်ပုံတွေက ပန်းပန်လျှက်ပါ၊ လည်မသွားပါ။Tablet (သင်ပုန်း) မှာဆို ပိုသိသာတယ်။ Rotate နဲ့ ဆင်တူသော စကားလုံးပါ။

2. Activation = ဖွင့်ခြင်း (အက်ဒီဗိတ် လုပ်ခြင်း)
အသုံးပြုမယ့် နက်ဝေါ့ဒ်လိုင်းဆီသို့ မိမိဖုန်းလိုင်းကို ဖွင့်ပေးဖို့ လုပ်ရတဲ့ လုပ်ဆောင်ချက်ပါ။ ဥပမာ- ဖုန်းဟန်းဆက် တစ်လုံး ၀ယ်လာပါက မိမိထည့်သွင်း အသုံးပြုမည့် စင်းကဒ် (Sim) ကို လိုင်းဖွင့်ခိုင်းခြင်း၊ ဖုန်းလိုင်းကုမ္ပဏီကနေ လိုင်းကို ဖွင့်ပေးခြင်းကို ဆိုလိုသည်။ ဖုန်းဟန်းဆက်ကော၊ ဖုန်း-စင်းကဒ်ပါ Activate မဖြစ်ပါက ဖုန်းလိုင်း ၀င်မည်မဟုတ်ပါ။ ဖုန်းကို အသုံးပြုလို့ ရမည် မဟုတ်ပါ။

3.Airplane Mode = လိုင်းကို ပိတ်ထားသည့် အခြေအနေ
ခုခေတ်ပေါ် စမတ်ဖုန်းမှာ အဲယားပလိန်းမုဒ် (Airplane Mode) သို့မဟုတ် ဖလိုက်မုဒ် (Flight Mode) ကို ထည့်သွင်းထားတတ်တယ်။ မိမိသွားရမယ့် ခရီးလမ်းတစ်လျှောက်မှာ ဖြစ်သန်းသွားရတဲ့ တာဝါတိုင်များမှ လွင့်ထုတ်နေတဲ့ ရေဒီယိုလှိုင်း ၀ါယာလက်လိုင်း ဆွဲအားကြောင့် ဖုန်းထဲက ဘက္ထရီ အမြန် ကုန်တတ်တယ်။ ဒါကို တားဆီးတဲ့အခါ အသုံးပြုပါ။ ဖုန်းပါဝါကို မပိတ်ရဘဲ ဘက္ထရီကို ချွေတာတဲ့သဘောပါ။ လေယာဉ်စီးတဲ့အခါ လေယာဉ်ပေါ် ဖုန်း အသုံးပြုခွင့် မပေးပါ။ ထိုအခါ ဖုန်းကို ပါဝါပိတ်စရာမလိုဘဲ ဒီ Airplane Mode ကို နှိပ်လိုက်ရင် ဖုန်းကို ပိတ်လိုက်သလိုပါပဲ။ ဆက်သွယ်မှု အကုန်ပြတ်တောက်သွားပါလိမ့်မယ်။

4.Alarm Clock = နှိုးစက်
အခုခေတ်ပေါ် ဖုန်းတွေမှာ ပြက္ကဒိန်တွေ၊ နာရီနှိုးစက်တွေ ထည့်ပေးထားတတ်တယ်။ အရင်တုန်းက ထုတ်လုပ်တဲ့ ဖုန်းတွေမှာ နှိုးစက်ကို နာရီနှိုးစက်လိုပဲ တစ်ရက်စာ၊ တစ်ချိန်ကိုသာ သတ်မှတ်ပေးတယ်။ ဆိုလိုတာက မနက် ၄-နာရီတိတိ နှိုးစက်ကို ချထားရင် မနက်လေးနာရီတိုင်း ထမြည်မယ်ပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း ထုတ်တဲ့ စမတ်ဖုန်း အများစုကတော့ နေ့ရက်အလိုက် နာရီချိန်ပြီး နှိုးစက် ပေးလို့ ရတယ်။ ဥပမာ- ဇွန်လ ၁၅-ရက်နေ့ ညသန်းခေါင် ၁၂း၁၅ မှာ ကန်မယ့် ဘောလုံးပွဲကို ထကြည့်ချင်သပဆိုရင် JUN 15 00:15 AM ကို ချိန်ပြီး နှိုးစက် ချထား။ ဒါဆို နောက် ၂-ရက် ညသန်းခေါင်အချိန်မှာ နာရီနှိုးစက် ထမြည်လာမှာပါ။ ရက်အများကြီး၊ အချိန်အများကြီးကို ကြိုတင် ချိန်းထားလို့ ရတယ်။ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်ကို သွားမယ်လို့ စိတ်ကူးထဲ ပေါ်လာတဲ့အတိုင်း နှိုးစက်ကိုသာ ချထား။ အချိန်တိကျစွာ သင့်ကို နှိုးဆော်ပေးပါလိမ့်မယ်။



5.Alphanumeric = အက္ခရာနဲ့ ဂဏန်း
အရင်ထုတ်ဖုန်းတွေမှာ ကီးပက်နဲ့ သုံးရတဲ့အတွက် ကီးပက် တစ်ကွက်စာကို အက္ခရာ ၃-လုံးနဲ့ ဂဏန်း ၁-လုံး ထည့်သွင်းပေးထားတယ်။ ဥပမာ ဒုတိယအကွက်မှာ ABC နဲ့ 2 ကို ထည့်ထားတယ်။ ဒီကီးပက်ကို ပထမတစ်ခါ နှိပ်ရင် A၊ ဒုတိယ B၊ တတိယ C၊ စတုတ္ထ 2 ပေါ့။ ခုခေတ် Touch Screen (တို့ထိမျက်နှာပြင်) ဖုန်းတွေမှာ ကီးပက် မရှိဘူး။ ဒီတော့ စာတွေကို ရိုက်ရတဲ့အခါမှာ အော်တို ကီးဘုတ်တွေ ပေါ်လာတယ်။ လက်ကွက်တွေ မရှုပ်အောင် ဆိုပြီး အက္ခရာဖြစ်တဲ့ အေ ကနေ ဇက် (A – Z) အထိ ကို တသီတခြား။ ဂဏန်း ၀ ကနေ ၉ အထိ (0 – 9) ကို တသီတခြား ခွဲထုတ်ထားတတ်တယ်။ ဒီနှစ်မျိုးလုံးကို အသုံးပြုချင်သပဆိုရင် Alphanumeric ရဲ့ လုပ်ဆောင်ချက်ကိုသာ ရွေးထားပါ။

6.Analog = အလားတူ (အနာလော့ဂ်)
လေလှိုင်းကနေတစ်ဆင့် အသံစနစ် ဖလှယ် ( ပေးပို့၊ လက်ခံ) ခြင်းကို အနာလော့ဂ်လို့ ခေါ်တယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အသံကို လှိုင်းကြိမ်နှုန်းနဲ့ တိုင်းတာပြီး လက်ခံသည့် ရေဒီယိုအသံလှိုင်း ဆီသို့ တိုက်ရိုက်ပေးပို့ခြင်းကို ဆိုလိုတာပါ။ အရင်ကြိုးဖုန်းတွေမှာ အနာလော့ဂ်စနစ်ချည်း သုံးကြတယ်။ နောက်ပိုင်းမှ ဒစ်ဂျစ်တယ်လ်စနစ်သို့ ပြောင်းလဲတပ်ဆင်လာကြတယ်။ အနာလော့ဂ်စနစ်သုံး ဆယ်လူလာဖုန်းကို ၁၉၈၀ ပြည့်နှစ်တွင်မှ အမေရိကန်နိုင်ငံတွင် စတင်အသုံးပြုနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီစနစ်ကို ဆယ်စုနှစ် တစ်ခုလောက်ပဲ သုံးခဲ့ရတယ်။ နောက်ပိုင်း ဒစ်ဂျစ်တယ်လ်စနစ်ကို ပြောင်းလဲလိုက်တယ်။ အမှန်မတော့ အနာလော့ဂ်စနစ်ကို အခြေခံပြီးမှ 1-G (၀မ်းဂျီ) လို့ခေါ်တဲ့ ပထမမျိုးဆက် (First Generation) ကို ပြောင်းလဲခဲ့တာပါ။ အခုဆို ဖိုး-ဂျီ (4-G) စနစ်ကိုတောင် တက်လှမ်းနေပါပြီ။ ဒါပေမယ့် နိုင်ငံအများစုကတော့ သရီး-ဂျီ (3-G) စနစ်ကို သုံးစွဲနေကြဆဲပါ။ မြန်မာနိုင်ငံမှာတော့ ၃-ဂျီ (3-G) စနစ်ကို အခုမှ တာစူနေတယ် ဆိုပဲ။

7.Android = မနုဿစက်ရုပ် (အန်ဒရွိုက်)
စမတ်ဖုန်းမှာ အသုံးပြုနေတဲ့ စက်လည်ပတ်မှုစနစ် (OS) ဖြစ်တယ်။ (အခုတလော ထုတ်လုပ်လာကြတဲ့ သင်ပုန်း (Tablet) မှာလည်း ဒီစနစ်ကိုချည်း သုံးလာကြတယ်။ Apple ထုတ်ကုန်က လွဲရင်ပေါ့။) လင်းနက်စနစ်ကို အခြေခံပြီး ဂူဂဲလ်ကနေ ဦးဆောင် တီထွင်ထားတဲ့ ဖုန်းသုံး ဆော့ဝဲလ်အမည်တစ်မျိုး ဆိုပါတော့။ (အန်ဒရွိုက်-အကြောင်းကို သီးခြား ဆောင်းပါး ရေးထားပြီ ဖြစ်တယ်။)



8.Antenna = အင်တာနာ (ဧရိယာတိုင်)
ရေဒီယိုလှိုင်းကို ပေးပို့/ လက်ခံရယူဖို့အတွက် ဖုန်းမှာ ထည့်သွင်းထားရတဲ့ ကိရိယာကို ခေါ်တာပါ။ အင်တာနာကို ပုံစံ အဖုံဖုံ၊ အရွယ်အစား အစုံစုံ ထုတ်လုပ်ခဲ့ကြတယ်။ အရင်ဖုန်းတွေတုန်းကဆို အပြင်ကို စတိုင်ကျကျ ထုတ်ပေးထားပေမယ့် နောက်ပိုင်းထုတ် စမတ်ဖုန်းမှာကျတော့ အတွင်းမှာပဲ ထည့်သွင်းထားကြတယ်။ လူ့အကြိုက်တွေကို လိုက်ပြီး ဖော်လိုက်၊ ဖွက်လိုက် နေမှာပါ။ ဖုန်းလိုင်း ဆွဲအားကောင်းတယ် မကောင်းဘူး၊ လိုင်းမိတယ် မမိဘူးဆိုတာ ဒီထည့်သွင်းထားတဲ့ အင်တာနာပေါ်မှာပဲ မူတည်တယ်။

9.Area Code (NPA) = ဧရိယာကုဒ်
ယေဘုယျအနေနဲ့ ဧရိယာကုဒ်လို့ သုံးစွဲကြပေမယ့် ဖုန်းသုံးဝေါဟာနဲ့ဆို NPA (Numbering Plan Area) လို့ သုံးနှုန်းကြတယ်။ အမေရိကန် အပါအ၀င် မြောက်အမေရိကတိုက်မှာ သုံးစွဲကြတဲ့ နံပါတ် ၁၀-လုံးထဲက ပထမဦးဆုံး ဂဏန်း ၃-လုံးကို ဆိုလိုတာပါ။ ဧရိယာကုဒ်မှန်း သိအောင် ဘယ်တော့မှ ဂဏန်း ၁ နဲ့ စပြီး မသုံးပါ။ အခုအခါမှာတော့ ပထ၀ီဝင် အနေအထားကို တွက်ချက်ပြီး နိုင်ငံအလိုက် ဧရိယာကုဒ်ကို ချမှတ်ပေးထားတယ်။ မြန်မာနိုင်ငံဆို ၀၀၉၅ ဒါမှမဟုတ် +၉၅ ပေါ့။ ဧရိယာကုဒ်ကို နိုင်ငံအလိုက်သာ သုံးစွဲသင့်တဲ့ စကားလုံး ဖြစ်ပေမယ့် အခုခေတ်ကား မြို့အလိုက်ပါ သုံးစွဲနေကြတယ်။ ဥပမာ ရန်ကုန်မြို့ဆို ၀၁၊ မန္တလေးကို ၀၂၊ မော်လမြိုင်ကို ၀၃၂။ ဒါတွေကိုလည်း ဧရိယာကုဒ်ပဲ တင်စားကြတယ်။ ကြိုးဖုန်း အသုံးများတဲ့ နိုင်ငံတွေမှာတော့ ခေတ်ပေါ် မိုဘိုင်ဖုန်းအတွက် သီးသန့်ကုဒ် ထုတ်ပေးထားသေးတယ်။ ပမာအားဖြင့် မြန်မာနိုင်ငံမှာဆို ၀၉ ပုံစံလိုပေါ့။

10.Auto-focus = အော်တို-ဖိုကပ် (အလိုအလျှောက် အချိန်အဆ)
အော်တို-ဖိုကပ်ဆိုတာ စမတ်ဖုန်းမှာ ထည့်သွင်းထားကြတဲ့ ကင်မရာတွေရဲ့ ဓာတ်ပုံရိုက်နိုင်စွမ်း အရည်အသွေးကို ပြောတာပါ။ ကင်မရာနဲ့ ဓာတ်ပုံကို ရိုက်တဲ့အခါ ကင်မရာမင်း အများစုက ဖစ်စ်-ဖိုကပ်နဲ့ ရိုက်ကြတယ်။ ဒါပေမယ့် အလင်းအမှောင် အကွာအဝေးကို ချိန်းနိုင်မှ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံကောင်း တစ်ပုံ ထွက်လာမှာပါ။ ဒါကို စပါယ်ရှယ် လေ့လာထားတဲ့ ကင်မရာမင်းကမှ ရိုက်တတ်တာပါ။ အပျော်တမ်းသမားအတွက်တော့ မကိုက်ဘူး။ ဓာတ်ပုံကို ရိုက်လိုက်ပေမယ့် မှောင်မည်းချင် မည်းနေမယ်၊ ၀ါးတားတား ဖြစ်ချင်ဖြစ်နေမယ်ပေါ့။ ဒီတော့ကာ အပျော်တမ်းအဆင့်သာ ထည့်သွင်းထားတဲ့ ဖုန်းရဲ့ ကင်မရာကို ပိုရိုက်ရလွယ်အောင်ဆိုပြီး အော်တို-ဖိုကပ်စနစ် ထည့်သွင်းပေးထားတယ်။ ကင်မရာရဲ့ မှန်ဘီးလူး အချိန်အဆ၊ ရှတ်တာလို့ခေါ်တဲ့ ကင်မရာရဲ့ အလင်းတံခါး အနည်းအများ ဖွင့်ပိတ်- စတာတွေကို ချိန်ဆမနေတော့ဘဲ မြန်မြန်ဆန်ဆန်နဲ့ ဓာတ်ပုံရိုက်နိုင်ဖို့ ရည်ရွယ်တာပါ။ ဒီအော်တို-ဖိုကပ်စနစ်နဲ့ ရိုက်တဲ့အတွက် ကင်မရာက ရုပ်ပုံကို မြန်ဆန်စွာ ဖမ်းနိုင်တယ်။ ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်လောက်ပဲ နီးနီး ဒီပုံသေနည်းနဲ့ ကင်မရာက တွက်ချက်ပြီး ချိန်ဆပေးထားတဲ့အတွက် ရိုက်လိုက်တဲ့ ရုပ်ပုံတိုင်း ဝေး၀ါးမနေတော့ဘူး။

- ဆက်ရန်-

Jun 2, 2012

Samsung Galaxy SIII ထွက်ပြီ


နယူးဒေလီ။
။ နောက်ဆုံးမတော့ စောင့်ရကျိုးနပ်သွားပါပြီ။ ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို ဒီကနေ့ (01-06-2012) မှာ အိန္ဒိယနိုင်ငံအတွက် ဆမ်ဆောင်းကုမ္ပဏီက ဖြန့်ချိလိုက်လို့ပါပဲ။ ကြမ်းခင်း သတ်မှတ်ဈေးနှုန်းကတော့ လေးသောင်းသုံးထောင်နဲ့ငါးရာ (၄၃,၅၀၀) ရူပီးပါ။ ဆိုးလ်မြို့နှင့်အတူ ဥရောပတစ်လွှား၊ အရှေ့အလယ်ပိုင်းဆီကို ရောင်းချနေပြီဖြစ်တဲ့ ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို ကြားသပတေးနေ့တုန်းက အိန္ဒိယမှာ စတင် ရောင်းချပါတယ်။ ဒီစမတ်ဖုန်းကို စောင့်မျှော်ခဲ့တဲ့ရလဒ်က ရူပီးငွေ ၄-သောင်းကျော် ပေးဆပ်ရမယ့် သဘောပါပဲ။

ဆမ်ဆောင်းဂလက်ဇီ (Samsung Galaxy) ရဲ့ မျိုးဆက်ထဲက အထွေးဆုံးဖြစ်တဲ့ ဒီတတိယမြောက် ညီတော် (Samsung Galaxy SIII) ကို အရင့်အရင် မွေးဖွားခဲ့တဲ့ နောင်တော့နောင်တော်တွေထက် သာလွန်ကောင်းမွန်မယ်လို့ ဆမ်ဆောင်းပြည်သူတွေက မျှော်လင့်ထားကြပါတယ်။ ဒီတတိယမြောက် ညီတော်ကပဲ တောင်ကိုရီယား ကုမ္ပဏီကို အပ်ပယ်လ်ကုမ္ပဏီထက် ထိပ်ဆုံးရောက်အောင် ဆောင်ကျဉ်းပေးမယ်လို့ စမတ်ဖုန်းလောကသားတွေက မျှော်လင့်နေကြလေရဲ့။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ ဈေးနှုန်းကို ကြည့်ပြီး ၀ယ်ယူသုံးစွဲသူတွေအနေနဲ့ စိတ် အနည်းငယ် ပျက်သွားပုံ ပေါ်မှာပါ။



အခြေခံ ပုံသဏ္ဌာန်
ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို အန်ဒရွိုက် စက်လည်ပတ်မှုစနစ် ၄.၀ (Android 4.0) နဲ့ မောင်းထားတယ်။ ဒီစက်လည်ပတ်မှုစနစ်ကို အိုက်စကရင်း ဆန်းဒ၀စ် (Ice Cream Sandwich) လို့လည်း ခေါ်ဆိုကြပါသေးတယ်။ အန်ဒရွိုက်စနစ် ၄.၀ ကို ဒီအက်စ်သရီးဖုန်းမှာ ဒုတိယမြောက် သုံးစွဲခြင်းလို့ ပြောလို့ရတယ်။ ဘာလဲဆိုတော့ အရင်တုန်းက ထုတ်ခဲ့ဖူးတဲ့ ဂလက်ဇီ-နက်ဇပ်မှာ သုံးခဲ့ဖူးလို့ပါ။ စီပီယူ (CPU) ကိုတော့ ကွာစ်ကိုးလ် ၁.၄ (Quad-Core 1.4 GHz) နဲ့သုံးထားတယ်။

ဆက်သွယ်မှု (Network)
၂-ဂျီ= GSM ၈၅၀/ ၉၀၀/ ၁၈၀၀/ ၁၉၀၀
၃-ဂျီ=HSDPA ၈၅၀/ ၉၀၀/ ၁၉၀၀/ ၂၁၀၀
၎-ဂျီ= LTE

အရွယ်အစား

အလျား (အမြင့်) = ၁၃၆.၆ မီလီမီတာ (၅.၃၇ လက်မ)
အနံ = ၇၀.၆ မီလီမီတာ (၂.၇၈ လက်မ)
အထူ = ၈.၆ မီလီမီတာ (၀.၃၃၉ လက်မ)

ဖန်သားပြင်နှင့် ရုပ်ပုံကြည်လင်မှု
ဖန်သားပြင်ကို ၄.၈ လက်မ (လေးလက်မနဲ့ သုံးမတ်ကျော်) ဖန်တီးထားပြီး၊ ရုပ်ပုံ ကြည်လင် တောက်ပမှုအတွက် အမြင့်ဆုံးကွာလ်လတီ (HD) ဖြစ်တဲ့ ရီဆိုလူးရှင်း ၁၂၈၀x၇၂၀ မီဂါပစ်ဇယ်လ်ကို သုံးထားတယ်။

ကင်မရာ
မှတ်တမ်း ရိုက်ကူးရေးအတွက် ကင်မရာကို ၈-မီဂါပစ်ဇယ်လ် သုံးထားတယ်။ ဓာတ်ပုံ ရိုက်ရာမှာဖြစ်စေ၊ ဗီဒီယို ရိုက်ရာမှာဖြစ်စေ ရုပ်ပုံကို မြန်ဆန်စွာ ဖမ်းနိုင်စွမ်းရှိတယ်။ ဘာတ်ရှော့(Burst Shot) လို့ခေါ်တဲ့ တွန်းကန်အားရိုက်ချက်နဲ့ ရိုက်ရင် တစ်ဆက်တည်း ပုံအရေအတွက် ၂၀ အထိ ရိုက်နိုင်စွမ်း ရှိတယ်။ ရှေ့ဘက်ကင်မရာ (၀က်ကမ်) ကိုတော့ အဖြစ်သဘောလောက် ထည့်သွင်းထားတယ်။ ၁.၉ မီဂါပစ်ဇယ်လ် မျှသာ။ ဒါပေမယ့် စကရင်းကို ရီကော့ဒ် လုပ်ရာမှာတော့ ဟိုက်ဒစ်ဖနေးရှင်း (HD) နဲ့ ရနိုင်တယ်ဆိုပဲ။

မမ်မိုရီ (မှတ်ညာဏ်)
လောလောဆယ် ထည့်သွင်းထားတဲ့ မမ်မိုရီကတော့ ၁၆-ဂျီဘီရယ်၊ ၃၂-ဂျီဘီရယ်ပဲ ရှိသေးတယ်။ နောက်ပိုင်း ၆၄-ဂျီဘီအထိ ထုတ်လုပ်မယ်လို့ ကြေငြာထားတယ်။ အပြင်ကနေ ထည့်သွင်းတဲ့ မိုက်ခရိုမမ်မိုရီ (SD) ကိုတော့ ၆၄-အထိ ထည့်သွင်း အသုံးပြုနိုင်တယ်လို့ ၀န်ခံထားတယ်။

ဂိမ်းဆော့ကစားခြင်း
ဂိမ်းကို ဆော့ကစားရာမှာ လူမှုဆက်သွယ်ကွန်ရက်ကနေ ဆော့နေတဲ့ဂိမ်း အမျိုးမျိုးကို ဂိမ်းဟဘ် (Game Hub) ဗီဒီယိုဟဘ် (Video Hub) တို့နဲ့ ဆော့ကစားနိုင်အောင် စီမံပေးထားတယ်။ ပြီးတော့ ကောင်းမွန်တဲ့ အရည်အသွေးမြင့် တီဗီ၊ ရုပ်ရှင်တွေကိုလည်း ပေးပို့မျှဝေ ခံစား ကြည့်ရှုနိုင်ပါသေးတယ်။ ဒါပေမယ့် ပထမဦးဆုံး ဂိမ်းကို စတင် ဆော့မယ့်သူအဖို့ ကမ္ဘာ့ဂိမ်းဈေးကွက်ကို ၀င်ရောက်တဲ့နေရာမှာ အကောင့်တစ်ကိုတော့ ဖွင့်ထားရပါမယ်။

လုပ်ဆောင်ချက်များ
ဝိုင်ဖိုင် (WiFi) ကို ၀ိုင်ဖိုင် (အေ၊ ဘီ၊ ဂျီနဲ့ အင်န်) နဲ့ ၀ိုင်ဖိုင် အိပ်ခ်ျဒီ-၄၀ ထည့်သွင်းထားပြီး ဂျီပီအက်စ် (GPS) စနစ် ပါဝင်တယ်။ ထို့ပြင် ဘလူးတု(တ်) ကို ဘယ်ဖုန်း သင်ပုန်းကမှ မသုံးရသေးတဲ့ ၄.၀ တို့နဲ့ လုပ်ဆောင်ထားတယ်။ ရုပ်ငြိမ် ဓာတ်ပုံကို စနပ်ရှော့စ်နဲ့သာမက ဘာတ်ရှော့စ်နဲ့ပါ ရိုက်နိုင်တယ်။ လှုပ်ရှားမှု ရုပ်သံကိုတော့ အိပ်ခ်ျဒီအာရ် (HDR) နဲ့ဖြစ်ဖြစ်၊ ဖူလ်အိပ်ခ်ျဒီ (HD) နဲ့ဖြစ်ဖြစ် ဖမ်းနိုင်ပါတယ်။

ဘက္ထရီသက်တမ်း
ဘက္ထရီကိုတော့ လီလွန် (Li-lon) ၂၁၀၀ မီလီအမ်ပီယာအာရ်ဝါလို့ ခေါ်တဲ့ သက်တမ်းရှည်ဘက္ထရီကို အသုံးပြုထားတယ်။ ဖုန်းပြောချိန် ၁၁-နာရီနဲ့ မိနစ် ၄၀ အထိ ခံနိုင်တယ်။

ဝန်ခံချက်-
Time of India နှင့် Zee News တို့ကို အခြေခံကာ ရေးသားတင်ပြထားပါသည်။

နောက်ဆက်တွဲသတင်း
အခု သတင်းရေးသားချိန်မှာပဲ မကြာမကြာ မှာဝယ်ယူတတ်တဲ့ အွန်လိုင်းအရောင်းဆိုင် ၂-ခုကနေ ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို လျှော့ဈေးနဲ့ ရောင်းချပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလာပါတယ်။
သူတို့ရဲ့ အွန်လိုင်း ရောင်းဈေးကတော့ ၃၈,၉၀၀ (သုံးသောင်း၊ ရှစ်ထောင်နှင့် ကိုးရာ) ရူပီး ဖြစ်ပါတယ်။
အွန်လိုင်းအရောင်းဆိုင်ကား
http://www.snapdeal.com/
http://www.ebay.in