Pages

Ads 468x60px

Labels

Oct 24, 2012

အိုင်ပက်မီနီ ထွက်ပြီ

ညတုန်းက NDTV News ကနေ လှမ်းပို့ထားတဲ့ Link ကြောင့် အက်ပယ်လ်ရဲ့ အိုင်ပက်မီနီ (iPad mini) မိတ်ဆက်ပွဲ အခမ်းအနားကို တိုက်ရိုက်ကြည့်ခွင့် ရလိုက်တယ်။ အက်ပယ်လ်က ခြေလှမ်းသွက်သွက်နဲ့ ထုတ်ကုန်ပစ္စည်း ၄-မျိုးကိုတောင် မိတ်ဆက်ပြလိုက်တယ်။

1. iPad mini
အက်ပယ်လ်ကုမ္ပဏီ အဓိကထုတ်ပြချင်တဲ့ ပစ္စည်းက အိုင်ပက်မီနီ (iPad mini) ပါ။ အိုင်ပက်မီနီ (iPad mini) ဟာ အရင်ထုတ်လုပ်ခဲ့တဲ့ အိုင်ပက်တွေရဲ့ ထက်ဝက်နီးပါး သေးငယ်ပါတယ်။ လက်တစ်ဘက်တည်းနဲ့ ကိုင်တွယ်နိုင်အောင် ဆိုက်ကို ချုံ့ထားတယ်လို့ အခမ်းအနားမှာ ပြောသွားပါတယ်။ အရင်အိုင်ပက်တွေရဲ့ ထောင့်ဖြတ် အရွယ်အစားက ၉ ဒသမ ၇ လက်မ ဖြစ်ပြီး အခု အိုင်ပက်မီနီ (iPad mini) ရဲ့ ထောင့်ဖြတ်ဆိုက်က ၇ ဒသမ ၉ လက်မပါ။ (9.7 – 7.9)

အိုင်ပက်မီနီ (iPad mini) ရဲ့ တိကျတဲ့ အရွယ်အစားမှာ-
အမြင့် = ၇.၈၇ လက်မ (၂၀၀ မီလီမီတာ)
အလျား = ၅.၃ လက်မ (၁၃၄.၇ မီလီမီတာ)
ဗျက် (အထူ) = ၀.၂၈ လက်မ (၇.၂ မီလီမီတာ တမတ်အထူ)
အလေးချိန် = ၀.၆၈ ပေါင် (၃၀၈-ဂရမ်) (၀ိုင်ဖိုင်- အိုင်ပက်မီနီ)
အလေးချိန် = ၀.၆၉ ပေါင် (၃၁၂-ဂရမ်) (၀ိုင်ဖိုင်+ဆယ်လူလာ အိုင်ပက်မီနီ)

အိုင်ပက်မီနီ (iPad mini) ရဲ့ ရုပ်ပြအရည်အသွေးကတော့ အိုင်ပက်-၂ အတိုင်းပါပဲ။ ၁၀၂၄ x ၇၆၈ မီဂါပစ်ဇယ်လ်ပါ။ အိုင်ပက်-၃ လို မြင်ကြည်လွှာ (Retina) မပါဘူး။ သုံးထားတဲ့ ချပ်စ်ကလည်း အိုင်ပက်-၂ အတိုင်း Dual-core A5 ပါပဲ။ ဓာတ်ပုံရိုက်တဲ့ ကင်မရာကိုသာ အိုင်ပက်-၃ လို 5MP မြှင့်ထားတယ်။

အိုင်ပက်မီနီ (iPad mini) ကိုလည်း အရင် အိုင်ပက်တွေရဲ့ ထုံးစံအတိုင်းပါပဲ။ ၆-မျိုးနဲ့ ခွဲပြီး ထုတ်လုပ်ထားတယ်။ ၆-မျိုးကို ရောင်းဈေးနဲ့အတူ ပူးတွဲလိုက်တယ်။ (အရောင်ကတော့ အဖြူ+အနက်ပါပဲ။)

$ 329 = ၁၆-ဂျီဘီ ၀ိုင်ဖိုင်သက်သက်၊
$ 459 = ၁၆-ဂျီဘီ ၀ိုင်ဖိုင်+ဆယ်လူလာ (3-G/4G)
$ 429 = ၃၂-ဂျီဘီ ၀ိုင်ဖိုင်သက်သက်၊
$ 559= ၃၂-ဂျီဘီ ၀ိုင်ဖိုင်+ဆယ်လူလာ (3-G/4G)
$ 529 = ၆၄-ဂျီဘီ ၀ိုင်ဖိုင်သက်သက်၊
$ 659 = ၆၄-ဂျီဘီ ၀ိုင်ဖိုင်+ဆယ်လူလာ (3-G/4G)
($= ဟာ USD အမေရိကန်ဒေါ်လာကို ဆိုလိုတာပါ။)

ဝိုင်ဖိုင်+ဆယ်လူလာ (3-G/4G) အတွက် ထူးတာက အိုင်ပက်-၃ လို မိုက်ခရိုဆင်းကဒ် (Micro-SIM) ကို မသုံးဘဲ အိုင်ဖုန်း-ဖိုက်လို နာနိုဆင်းကဒ် (Nano-SIM) ကို သုံးထားတယ်။ ပြီးတော့ ပါဝါ / ဒေတာအတွက် အပြားကြီးတဲ့ ပင်း ၃၀ ကြိုးပေါက်ကို မသုံးပဲ လိုက်နင်း (Lightning) ကို ပြောင်းသုံးထားပြန်တယ်။ ပြီးတော့ အသံစနစ် (Siri) ထည့်သွင်းပေးထားတယ်။

အိုင်ပက်မီနီ (iPad mini) ကိုတော့ အောက်တိုဘာလ (ဒီလ) ၂၆-ရက်နေ့က စပြီး အွန်းလိုင်းကနေ အော်ဒါ မှာယူနိုင်တယ်။ တကယ့် စတင်ရောင်းချမယ့် ရက်ကိုတော့ နိုဝင်ဘာလ ၂-ရက်နေ့ပေါ့။ ပထမအသုတ်ထဲမှာ ပါဝင်တဲ့ နိုင်ငံတွေကို ရောင်းချပြီး ၂-ပတ်အတွင်း တစ်ကမ္ဘာလုံးကို ဖြန့်မယ်လို့ သိရတယ်။


2. iPad with Retina (iPad-4)
အိုင်ပက်မီနီ (iPad mini) နဲ့အတူ နောက်ထပ် မိတ်ဆက်ပေးတာက စတုတ္ထမျိုးဆက်ဖြစ်တဲ့ အိုင်ပက်-၄ ပါ။ ပုံမှန် အရွယ်အစား မြင်ကြည်လွှာပါ iPad with Retina (Fourth Generation) လို့ သတ်မှတ်ထားတယ်။ ဒီ iPad with Retina ကိုတော့ မတ်ခ်ျလတုန်းက ထုတ်လုပ်ရောင်းချခဲ့တဲ့ The New iPad (iPad-3) နဲ့ အရည်အသွေးပိုင်း အနည်းငယ်ပဲ ကွာခြားတယ်။

 iPad with Retina (iPad-4) ရဲ့ ထူးခြားချက်များ-
၁။ ချပ်စ် = Dual-core A6X (quad-core graphics ပါဝင်တယ်)
၂။ လိုက်နင်း (Lightning) ပါဝါ / ဒေတာ ကြိုးပေါက်

အိုင်ပက်-၃ က Dual-core A5X သုံးထားတယ်။ ဒါကြောင့် အိုင်ပက်-၄ ဟာ အိုင်ပက် -၃ ထက် ၂-ဆ မြန်တယ်လို့ ပြောတယ်။ ကျန်တဲ့ အသေးစိတ် အချက်အလက် အားလုံးနီးပါးက ထပ်တူထပ်မျှပါပဲ။ ဆင်းကဒ်ကို လည်း Micro-SIM ကိုပဲ ပြန်သုံးထားတယ်။ ဈေးနှုန်းလည်း အိုင်ပက်-၃ အတိုင်းပါပဲ။

3. MacBookPro with Retina (13”)
 အက်ပယ်လ်ရဲ့ နောက်ထပ် မိတ်ဆက်ပေးတဲ့ ထုတ်ကုန် တစ်မျိုးကတော့ မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၃ လက်မ လက်တော့ပ်ပါ။ ဒီအမျိုးအစားကို ပြီးခဲ့တဲ့ ဇွန်လတုန်းက ၁၅-လက်မနဲ့ မိတ်ဆက်ခဲ့ပြီ ဖြစ်တယ်။ ဈေးကွက်မှာ ရောင်းချနေဆဲ လက်တော့ပ် အမျိုးအစား ဖြစ်တယ်။ ပရိုဖက်ရှင်းနယ် သက်မွေးဝမ်းကျောင်းပြု လက်တော့ပ်ပေါ့။

မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၅ လက်မနဲ့ အခု အသစ်ထုတ် ၁၃ လက်မတို့ဟာ တော်တော်လေး အရည်အသွေး ကွာပါတယ်။ ၁၅-လက်မတုန်းက အိုင်ဆဲလ်ဗင်း (i7) ပရိုဆက်ဆာကို သုံးထားပေမယ့် ဒီအသစ် ၁၃-လက်မကိုကျတော့ အိုင်ဖိုက် (i5) ပရိုက်ဆက်ဆာနဲ့ပဲ သုံးတယ်။ အရင်ထုတ်ကုန်က ဈေးကြီးလို့ ဈေးချိုချိုနဲ့ ရောင်းနိုင်အောင် တမင်လျှော့ချပုံရတယ်။

ဇွန်လတုန်းက စတင်ရောင်းချခဲ့တဲ့ မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၅ လက်မရဲ့ ဈေးနှုန်းက-
အခြေခံလက်တော့ပ် =     $2,199 (CPU i7 2.3GHz, Ram 8-GB, HD 256-GB,)
အဆင့်မြင့်လက်တော့ပ် = $2,799 (CPU i7 2.6GHz, Ram 8-GB, HD 512-GB)

အခုအသစ် စတင်ရောင်းချတော့မယ့် မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၃ လက်မရဲ့ ဈေးနှုန်းက-
အခြေခံ=     $ 1,699 (CPU i5 2.5GHz, Ram 8-GB, HD 128-GB)
အဆင့်မြင့်= $ 1,999 (CPU i5 2.6GHz, Ram 8-GB, HD 256-GB)

4. iMac (Desktop)
အသစ် ထုတ်ကုန်ပစ္စည်းတွေ ချန်မထားပဲ အက်ပယ်လ်ရဲ့ နောက်ထပ် မိတ်ဆက်ပေးတဲ့ ထုတ်ကုန် တစ်မျိုးကိုတော့ စားပွဲတင် iMac (Desktop) ပါ။ ဒီ iMac (Desktop) ကို The New iMac လို့ နာမည်ပေးထားတယ်။ အရင်ထက် ပိုပါးလွှားပြီး စွမ်းဆောင်ရည် ပိုကောင်းမယ်လို့ ပြောတယ်။ The New iMac ကို ၂၁-လက်မ တစ်မျိုးရယ်၊ ၂၇-လက်မ တစ်မျိုးရယ် ရောင်းချမှာပါ။ မကြာမီ လာမယ် မျှော်လို့ ပြောထားတဲ့အတွက် ရောင်းဈေးကိုတော့ ထုတ်မကြေညာသေးပါဘူး။

 မှီငြမ်း-
သတင်းပေါင်းစုံ၊ ၀က်ဆိုက်၊ ဘလော့ဂ်ပေါင်းစုံတို့ရဲ့ သတင်း၊ ဓာတ်ပုံများ

Oct 22, 2012

သင်ပုန်းခေတ်သို့ တွန်းပို့လိုက်တဲ့ မိုက်ခရိုဆော့ပ်ရဲ့ ၀င်းဒိုးအသစ်

မိုက်ခရိုဆော့ပ်က သူ့ရဲ့ အရင်းအမြစ် ဖြစ်တဲ့ Windows ကို ကွန်ပျူတာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဆီ ပေးခဲ့တာ ၁၉၉၅-ခုနှစ်ကတည်းကပါ။ Dell, HP, Acer စတဲ့ ကွန်ပျူတာကုမ္ပဏီတွေက သူတို့ရဲ့ ကွန်ပျူတာ စက်လည်ပတ်မှုစနစ်အတွက် မိုက်ခရိုဆော့ပ်ကို ၀ကွက် အပ်ခဲ့ကြတယ်။ ဒါပေမယ့် ဒီအောက်တိုဘာလ ၂၆-ရက်နေ့ကျရင် သူ့ကိုယ်ပိုင် Surface သင်ပုန်းထဲမှာ Windows 8 ကို ထည့်သွင်းပြီး ရောင်းချမယ်လို့ ကြေညာလိုက်တဲ့ အခါ သို့လော သို့လော ပွက်လော ရိုက်ကုန်ပါတော့တယ်။ မိုက်ခရိုဆော့ပ်က ကတ္တီပါ လမ်းခွဲဖို့ ထွင်နေတာလား။ ဒါရိုက်တာက သရုပ်ဆောင် ၀င်လုပ်နေတာလား။ လူပြန်ဝင်စားတဲ့ ခွင်လား စသည်ဖြင့်ပေါ့။

အရင်လုပ်ဆောင်ချက်တွေက ရှင်းပါတယ်။ ကွန်ပျူတာကုမ္ပဏီတွေက ကွန်ပျူတာရဲ့ အမာထည် (Hardware) တွေကို ထုတ်လုပ်ပြီး မိုက်ခရိုဆော့ပ်ဆီက ရထားတဲ့ အပျော့ထည့် (Software) နဲ့ မောင်းနှင်လိုက်တယ်။ ဒါဆို ပြီးပြည့်စုံတဲ့ ကွန်ပျူတာ၊ ဒါမှမဟုတ် သင်ပုန်း၊ ဒါမှမဟုတ် စမတ်ဖုန်းတစ်လုံး ဖြစ်သွားပါပြီ။ အခုကျတော့ အပျော့ထည့် (Software) သာမက အမာထည် (Hardware) ဘက်ကော မိုက်ခရိုဆော့ပ်က ပူးတွဲ ထုပ်လုပ်လိုက်တော့ အမာထည် ကုမ္ပဏီတွေက ငေးမောကြည့်ရုံမှတစ်ပါး ဘာကို ရွေးရဦးမှာလဲလေ။ အသင်အပြကောင်းတဲ့ ကျောင်းဆရာက ကိုယ်ပိုင်သားသမီး မွေးလိုက်တော့ ကျန်တဲ့ရွာသားကလေးတွေ ငုတ်တုတ် မေ့သလိုပဲပါပဲလား။

ပီစီသမားအတွက် Windows 8 Pro

Windows 8 နဲ့ ပတ်သက်ရင် ဖွင့်လိုက်တာနဲ့ မိနစ်မခြား အထူးအဆန်းတွေကို ခံစားရမှာပါလို့ မိုက်ခရိုဆော့ပ်က ကြွေးကြော်ထားလေရဲ့။ တို့တစ်တွေဟာ ဒက်စတော့ (Desktop) နဲ့သာ အကျွမ်းဝင်နေသည့်တိုင် လှပ ခေတ်မီပြီး သွက်လက်နေတဲ့ အပ်စ် (app) အစီအရီ တို့ထိမျက်နှာပြင်ကြီးကို ရှုမငြီးဖွယ် မြင်တွေ့ရမှာပါ။ သင်ပုန်းလို တစ်ဖုံ၊ ဖုန်းလိုတစ်မျိုး မရိုးအောင် သုံးနိုင်တဲ့ Windows 8 ကြီးပေါ့။

Windows 8 ကို Start screen နဲ့ စတင် ဖွင့်ရပါတယ်။ ဒါကလည်း အထူးအဆန်းတော့ မဟုတ်ချေ။ ရိုးရိုး Windows မှာတုန်းက တို့တစ်တွေ သုံးနေကျ Start Menu နေရာမှာ အစားထိုးလိုက်တာပါ။ ဒါပေမယ့် Start screen ဟာ ကွန်ပျူတာဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံပြီး စီမံခန့်ခွဲပေးနေတဲ့ စနစ်ဆိုတာကိုတော့ မမေ့ပစ်နဲ့ပေါ့။ တို့တစ်တွေ သုံးနေတဲ့ အိုင်ကွန်အဟောင်းလေးတွေ ပျောက်ကုန်ပြီလားဆိုတဲ့ အစိုးရိမ်စိတ်လည်း မလွန်ကဲနဲ့ဦး။ ဒီဟာလေးတွေ ဆက်ရှိနေမှာပါ။ အဲ.. Windows 8 ပီပီ အထူးအဆန်းလေးတော့ တီထွင်ထားရတာပေါ့။ Start screen မျက်နှာပြင်မှာ ပေါလော စီတန်းနေတဲ့ အိုင်ကွန်လေးပေါ်သာ တို့ထိပေးလိုက်ပါ။ ဖွင့်တိုင်း ပွင့်လာတဲ့ အပ်စ် (apps) တွေကို သဘာဝအတိုင်း မြင်တွေ့ ခံစားရမှာပါ။ အထူးသဖြင့် တို့ထိ မျက်နှာပြင်ကိုသာ တို့ထိလိုက်မယ် ဆိုရင်ပေါ့။ အဟောင်းကို စွန့်မပစ်မီ အသစ်ဆီ ချဉ်းကပ်တဲ့ နေရာမှာ ပါးပါးနပ်နပ် သုံးနိုင်ရေး အကူးအပြောင်းလေးတွေတော့ ထည့်သွင်းပေးထားပါတယ်။

Windows တော်လှန်ရေးခေတ်မှာ အသုံးပြုတွေအတွက် ၂-မျိုး ၂-ဖုံ တွေ့ကြုံခံစားရမှာပါ။ Windows 8 ဟာ မျက်နှာပြင်တစ်ဖက်တည်းနဲ့ လုံးဝဥဿုံ ပြီးပြည့်စုံတဲ့ စက်လည်ပတ်မှုစနစ်ဆီ ဦးတည်ထားတယ်။ မောက်စ် (Mouse) အသုံးချရတဲ့ PC စနစ်ဟောင်းကနေ ထိန်းညှိစရာမလိုပဲ အလိုလို တို့ထိလို့ရတဲ့ စနစ်သစ် အသုံးချခေတ်ဆီသို့ပေါ့။ ရာသီဥတုသုံး အပ်ပ် (App) မှသည် မောက်စ်ကို သုံးပြီးမှ စာရင်းဇယား ဆွဲလို့ ရတဲ့ Excel တိုင်အောင် အတို့အထိကလေးနဲ့ သုံးလို့ ရနေပါပြီ။ ဒီဆန်းသစ်မှုတွေကို ဘယ်အတိုင်းအတာထိ ဆွဲဆောင်နိုင်သလဲဆိုရင် အက်ပယ်လ်ကတောင် အိုင်ပက်အတွက်ဆိုပြီး ချဉ်းကပ်လာရတာပါပဲ။


Windows အသစ်မှာ သုံးထားတဲ့ Start-screen

ဒွန်တွဲ-ပတ်ဝန်းကျင် ဗျူဟာကို ထိန်းသိမ်းသည့်အနေဖြင့် မိုက်ခရိုဆော့ပ်က သမာရိုးကျ ပီစီသုံးသူတွေရဲ့ အတွေး (ရှေ့သို့ ခုန်ပျံကျော်လွှားရမလား၊ နောက်သို့ ပြန်ဆုတ်ရမလား) ဇဝေဇ၀ါ မဖြစ်အောင် နည်းလမ်း ၂-သွယ်နဲ့ လုပ်ဆောင်ပေးထားပါတယ်။ ရှေးခေတ် စနစ်ဟောင်းသမားတွေက ကီးဘုတ်နဲ့ မောက်စ်ကို တွဲသုံးနိုင်သလို၊ ခေတ်ပြေး အသစ်သမားတွေလည်း တို့ထိစနစ်နဲ့ သုံးနိုင်ပါတယ်။ ဒါပေမယ့် အဟောင်းသမားအတွက် ကောင်းကွက်က မျက်နှာပြင်ကို တို့ထိခွင့် ခံစားချက်သစ် ရနိုင်ပြီး၊ အသစ်သမားတွေအတွက် ကောင်းချက်က ကီးဘုတ်နဲ့မောက်စ်ကို သုံးပြီး ရှေးထုံးမပျက် ချီတက်နိုင်ခြင်းပါ။

ဒါတင်လား မကသေးပါ။ အင်တာနက် အိတ်စ်ပလောရာ (Internet Explorer) ကိုလည်း ဗားရှင်း ၂-မျိုးနဲ့ ထည့်သွင်းပေးထားတယ်။ ပမာအားဖြင့်- Start-screen ဆိုတဲ့ apps က သာမန်ပီစီမှာ ပါမြဲဖြစ်တဲ့ standard menus, toolbars, resizing and closing တို့ဟာ မပါဝင်ပါ။ သို့တိုင် အဟောင်းစနစ်အတွက်တော့ Start menus ရှိနေဆဲပါ။ ဒက်စတော့ပ်ခေတ်တုန်းက ရှုပ်ထွေးခက်ခဲတဲ့ မိုက်ခရိုဆော့ပ်ရဲ့ ရုံးသုံး (Word, Excel, Power Point) တွေကိုလည်း အကျဉ်းချုံး ပေးထားသလို၊ အရည်အသွေးကောင်းတဲ့ Apps အဖြစ်နဲ့ ပြန်ဖာထေထားပါတယ်။ ဒီအသုံးချ ဆော့ဝဲလ်တွေကို ဘယ်အိုင်ပက်ကမှ၊ ဘယ်နောင်တော် အန်ဒရွိုက်ကမှ ထည့်သွင်းပေးမထားပါဘူး။

ဗားရှင်းအမျိုးမျိုးနဲ့ စွမ်းဆောင်ရည်များ
 ဒါပေမယ့် ခဏစောင့်ကြည့်ပါဦး။ ရှေ့ဆက် ရှုပ်ထွေးလာမယ့် အလားအလာ အများကြီး။ Windows 8 က ဗားရှင်း ၂-မျိုးနဲ့တောင် ထုတ်ထားတယ်မို့လား။ တစ်မျိုးက Intel ရဲ့ CPU သုံး ပီစီတွေအတွက် ဖြစ်ပြီး၊ နောက်တစ်မျိုးက RT လို့ ခေါ်တဲ့ ဗားရှင်းပေါ့။ စမတ်ဖုန်းနဲ့ သင်ပုန်းတွေမှာ သုံးနေတဲ့ ARM ကို ရည်ရွယ်ပြီး RT ဗားရှင်းကို ထုတ်လုပ်တာပါ။

ဒီဗားရှင်း ၂-ခုကြားမှာ မတူညီတာတွေ အများကြီးပါ။ ဆိုလိုတာက Intel ရဲ့ CPU သုံး ပီစီတွေက သင်ပုန်း/ဖုန်းမှာ သုံးတဲ့ အပ်စ် (apps) တွေကိုလည်း သုံးလို့ ရတယ်။ ဒက်စတော့ပ်မှာ သုံးနေကျ ပုံစံဟောင်းအတိုင်းလည်း သုံးလို့ ရတယ်။ ဒါပေမယ့် RT ဗားရှင်းကိုတော့ ဒက်စတော့ပ်မှာ သုံးလို့ မရဘဲ သင်ပုန်းမှာသာ သုံးလို့ ရပါတယ်။ နောက် ပြဿနာ တစ်ခုက ရုံးလုပ်ငန်းသုံး (Office) ပါ။ သင်ပုန်းတွေမှာ Office ကို သုံးနိုင်အောင် ကြိုးစားပြီး ချဲ့ထွင်ထားပေမယ့် မေးလ် ပို့တဲ့ Outlook တော့ မပါရှာဘူး။ သင်ပုန်းသုံး အသုံးချ အပ်စ် (apps) အသစ်အသစ် မှန်သမျှကို ဒေါင်းယူပြီး သုံးလို့ ရပါတယ်။ အိုင်ပက်မှာ သုံးသလိုမျိုးပါပဲ။

မိုက်ခရိုဆော့ပ်ဟာ သူ့ရဲ့ကိုယ်ပိုင် သင်ပုန်းကွန်ပျူတာကို ထုတ်လုပ်ရောင်းချခဲ့ပါပြီ။ ဒီသင်ပုန်းရဲ့ အတွင်းထဲမှာကော၊ ကွန်ပျူတာ၊ သင်ပုန်း၊ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက်ကော Windows 8 နဲ့ Windows RT ကို မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီ Windows ၂-မျိုးလုံးဟာ သူ့မူနဲ့သူ ကောင်းတာချည်းပါပဲ။ နောက်ဆုံးအနေနဲ့ ကောက်ချက်ချရမှာက အမာထည် (Hardware) ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ရွေးချယ်မှုရယ်၊ အသုံးပြုသူ တို့တစ်တွေရဲ့ စိတ်ကြိုက် ရွေးချယ်မှုပေါ် မူတည်နေတာပါပဲ။

 Windows အသစ်မှာ စကရင်း ၂-ခြမ်း တွဲသုံးထားပုံ

Windows 8 ကို စက်သုံးမျိုးနဲ့ စမ်းသပ်ကြည့်ဖူးတယ်။ သင်ပုန်းရယ်၊ တို့ထိမျက်နှာပြင် ultrabook လက်တော့ပ်ရယ်၊ ရိုးရိုးလက်တော့ပ်ရယ်ပေါ့။ စမ်းသပ်တွေ့ရှိချက် ၅-ချက်ပေါ် မူတည်ပြီး တစ်ခုချင်းစီ သုံးသပ်ပါ့မယ်-
1.Start Screen
2.Charms and Gestures
3.Snap!
4.Apps
5.Pricing

1.Start Screen
အကြိုက်ဆုံးထဲမှာတော့ Start-screen ပါဝင်ပါတယ်။ ကြားခံကိရိယာကို သုံးပြီး ပုံဖော်ထားတဲ့ စနစ်ကို ၀င်းဒိုးဖုန်းမှာကတည်းက မိုက်ခရိုဆော့ပ်က စမ်းသပ် သုံးခဲ့ပြီ ဖြစ်တယ်။. It uses a design nicknamed "Metro,"လို့ နာမည်မှည့်ထားတဲ့ လေးထောင့်ချပ်ပြား အိုင်ကွန် ဒီဇိုင်းလေးတွေဟာ အိုင်ပက်ထက် သာနေသလို၊ အန်ဒရွိုက်ထက်လည်း ပိုကြည့်ကောင်းနေတယ်။ အကွက်တောက်လျှောက် ညှပ်ထားတဲ့ ချပ်ပြားလေးတွေဟာ အသုံးချရမယ့် Application ( Apps) တွေကို ကိုယ်စားပြုထားပါတယ်။

ဥပမာ- mail ချပ်ပြားလေးကနေ အီးမေးလ်အ၀င်အထွက်ကို ပြပေးတယ်။ photo ချပ်ပြားလေးကနေ ရိုက်ထားတဲ့ ဓာတ်ပုံရဲ့ တစ်ပုံချင်းစီ ရုပ်ပုံသေးသေးနဲ့ ပြသပေးရုံသာမက နေ့ရက်-စတဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း စစ်ကြည့်နိုင်ပါသေးတယ်။ တန်းစီထားတဲ့ ရေပြင်ညီတန်း အခင်းအကျင်းကနေ လက်ချောင်းလေးနဲ့ scroll (ဆွဲတင်/ ဆွဲချ) လုပ်လို့ ရပါသေးတယ်။ ဒါမှမဟုတ် အရင်ဒက်စတော့ပ်ခေတ်တုန်းကလို မောက်စ်နဲ့ ဖြစ်ဖြစ်၊ ကီးဘုတ်နဲ့ ဖြစ်ဖြစ် အတင်/ အချ ဆွဲလို့ ရပါတယ်။ ပီစီသမားအတွက် မိုက်ခရိုဆော့ပ်ဝေါ့ဒ် (Word) စတဲ့ အိုင်ကွန်ဟောင်းတွေကိုလည်း Start-screen မှာ တွဲချိတ်ထားပါတယ်။ Apps လို့ ခေါ်ဝေါ်နေကြတဲ့ ကွန်ပျူတာထဲက သုံးလို့ရတဲ့ ပရိုပရမ် မှန်သမျှကို Start-screen မှာသာ ဆွဲရှာလိုက်ပါ။ စမ်းသက်ချက်အရ သုံးသပ်ရရင် ကြားခံကိရိယာ ဖြစ်တဲ့ Apps တွေရဲ့ ဒီဇိုင်းပုံဟာ လှပတယ်။ အနှိပ်၊ အရွှေ့အပြောင်း ကောင်းမွန် ချောမွေ့တယ်။ အိုင်ပက်၊ အန်ဒရွိုက်သုံး သင်ပုန်းတို့ကို ကောင်းကောင်း ယှဉ်နိုင်တယ်။
ရုံးသုံးအတွက် Microsoft Word app

2.Charms and Gestures Windows
8 ရဲ့ ဒီဇိုင်းသစ် အသွင်အပြင်သစ်ရဲ့ စွမ်းဆောင်ရည်ကို Charms (ချမ်စ်) လို့ ခေါ်တယ်။ ညာဘက်ထောင့်ကနေ ပွတ်ဆွဲလာတဲ့အခါ Charms (ချမ်စ်) ဟာ မျက်နှာပြင်ရဲ့ ညာဘက်မှာ ပေါ်လာတယ်။ တို့ထိမျက်နှာပြင် မဟုတ်တဲ့ ကွန်ပျူတာတွေမှာတော့ အပေါ်ညာဘက်ထောင့်ကို မောက်စ်နဲ့ ရွှေ့ပြီး သွားထောက်ကြည့်နိုင်ပါတယ်။ Charms (ချမ်စ်) မှာ Search, Settings, Share, Devices နဲ့ Start screen ဆီ ပြန်သွားနိုင်တဲ့ Back တို့ ပါဝင်ပါတယ်။ ဖွင့်ပြီးသုံးနေတဲ့ app တိုင်းကို Charms (ချမ်စ်) မှာ ပြသပေးတယ်။ ပြီးတော့ Charms (ချမ်စ်) ဟာ ပရင်တာ၊ နက်ဝေါ့-စတဲ့ လင့်တွေကိုလည်း ထိန်းချုပ်ပေးသလို လူမှုရေး ၀က်ဆိုက်ကနေဖြစ်ဖြစ်၊ မေးလ်ကနေဖြစ်ဖြစ် တစ်စုံတစ်ရာကို ရှယ်ယာ လုပ်ပေးနိုင်ပါသေးတယ်။

အောက်ခြေကနေ အပေါ်ဘက်သို့ ပွတ်ဆွဲလိုက်ပါက ရွေးချယ်စရာများကို ရွေးနိုင်ပါတယ်။ စကရင်းပေါ် မောက်စ်နဲ့ Right Click ထောက်ပြီး လုပ်လို့ ရသလိုပေါ့။ ဘယ်ဘက်ကနေ ညာဘက်သို့ ပွတ်ဆွဲပါက ဖွင့်ထားတဲ့ apps တွေ အလိုလို ပိတ်ပေးပါတယ်။ အတွင်းသို့ ဆွဲစိလိုက်ပါက ညာဘက်မှ ပြသထားတဲ့ အချက်အလက်တွေအားလုံး မြင်ကွင်းကနေ ပျောက်ဆုံးသွားပြီး၊ စက်ကို အဆင်သင့် ပိတ်ဖို့ရာ Start screen ပါ ပေါ်ပေးပါတယ်။

3. Snap
တစ်ပြိုင်တည်း apps ၂-ခုကို အသုံးချလိုပါက မျက်နှာပြင်ကို ခွဲထုတ်လို့ ရပါတယ်။ ဘယ်နဲ့ညာ အညီအမျှ လုပ်ဆောင်ချက် ၂-ခု ပေါ်လာလိမ့်မယ်။ ဒီမြင်ကွင်း ၂-ခုက တော်တော့ကို အသုံးဝင်ပါတယ်။ စကရင်း တစ်ခြမ်းကို ချက်တင် (Chat) ၀င်နေတဲ့အချိန်မှာ အခြားတစ်ခြမ်းကို သတင်းတို့ ဘာတို့ ကြည့်လို့ ရတာပေါ့။ တစ်နည်း ပြောရရင် ဒီဘက်အခြမ်း မိုက်ခရိုဆော့ပ်ဝပ် ဖွင့်ထားတဲ့အချိန်မှာ အခြားတစ်ခြမ်းက သတင်းထူး၊ သတင်းဦးတွေကို ကော်ပီယူလို့ ရတာပေါ့။

4. Apps
စတိုင်လ်အသစ် အသုံးချ အပ်စ်တွေဟာ ဆွဲဆောင်မှု ရှိသလို အသုံးလည်း ၀င်လှပါတယ်။ ဥပမာ- Photos app တစ်ခုထဲမှာတင် ဓာတ်ပုံ ကြည့်ရုံသက်သက် မကဘဲ ဘယ်တုန်းက ဘယ်မှာ ရိုက်ထားတယ်ဆိုတဲ့ အချက်အလက်ကို ပြသပေးတယ်။ ထို့ပြင် လူမှုရေး ၀က်ဆိုက်ဖြစ်တဲ့ Facebook မှာပဲ တင်ထားမလား၊ မပျောက်မပျက်အောင် SkyDrive မှာပဲ သိမ်းထားမလား ရသေးတယ်။ အပြည့်အစုံ လုပ်ပေးထားတယ်။ People app မှာဆို ဆက်သွယ်ရမယ့် contacts သာမက လူမှုရေး ၀က်ဆိုက်ကနေ တစ်ဆင့် လိပ်စာတွေ ဖြည့်သွင်းနိုင်ပါသေးတယ်။

Windows အသစ်မှာ ထည့်သွင်းထားတဲ့ အသုံးချ apps

Mail app ကတော့ စိတ်ကျေနပ်မှု သိပ်မရှိပါဘူး။ unified inbox မပါလို့ပါ။ unread mail, most important contacts တို့ကတော့ ပုံမှန်ပါပဲ။ သိပ်ထူးခြားမလာပါ။ Microsoft's app store မှာ တင်ထားတဲ့ သာမန် အသုံးချ app တွေကတော့ သိန်းသန်းချီပါပဲ။ ဒါပေမယ့် Kindle နဲ့ Netflix တို့မှာ သုံးနေတဲ့ အချို့ အသုံးချ apps တွေက ဖြည့်တင်းဖို့ လိုနေတာ အမှန်ပါပဲ။ အသုံးများပြီး ပေါ်ပြူလာ ဖြစ်နေတဲ့ apps တွေ ရှေ့ဆက် ဖြည့်ဆည်းပေးဦးမှာပါလို့ မိုက်ခရိုဆော့ပ်ကတော့ ၀န်ခံထားတယ်။

5.Price
Windows ၂-မျိုးနဲ့ ထွက်လာမှာပါ။
(၁) Windows RT (သင်ပုန်း / ဖုန်းတွေမှာ သုံးတဲ့ ၀င်းဒိုးစနစ်)
(၂) Windows 8 (ပရိုဖက်ရှင်းနယ်အဆင့်၊ ကွန်ပျူတာ၊ သင်ပုန်း၊ ဖုန်း အားလုံးမှာ သုံးလို့ ရတဲ့ ၀င်းဒိုးစနစ်) အွန်းလိုင်းကနေ ဒေါင်းယူရင် အမေရိကန်ဒေါ်လာ ၄၀ ($40)
DVD အချပ်နဲ့ ၀ယ်ယူရင် အမေရိကန်ဒေါ်လာ ၇၀ ($70)
Windows PC အတွက် ပရိုမိုးရှင်း (အထူးရောင်း) ကာလမှာ ၂၀၁၂-ခုနှစ်၊ ဇွန်လ ၂-ရက်နေ့ကနေ ၂၀၁၃-ခုနှစ်၊ ဇန်န၀ါရီလ ၃၁ နေ့အထိ ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၁၅ ($15) နဲ့ ဒစ်စကောင့် ပေးမှာပါ။

ဘာပဲပြောပြော မိုက်ခရိုဆော့ပ်က ဆန်းသစ်တဲ့ ခေတ်မီတဲ့ တို့ထိမျက်နှာပြင်သုံး Windows အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ သင်ပုန်းခေတ်သို့ တွန်းပို့လိုက်တဲ့ မိုက်ခရိုဆော့ပ်ရဲ့ ၀င်းဒိုးအသစ်လို့ပဲ နာမည်တပ်ရမယ် ထင်ပါရဲ့။ အရင်ခေတ်တုန်းကလို မောက်စ်၊ ကီးဘုတ် စနစ်နဲ့ပဲ သွားသွား၊ ခေတ်ပေါ် တို့ထိမျက်ပြင်ကိုပဲ စမ်းချင်ချင် အကုန်အံဝင်တယ်ဆိုပဲ။ ဒါပေမယ့် စနစ်အကူးအပြောင်းကာလမှာ ခွင်ကျနေအောင်တော့ ကိုယ့်ကိုကို ကြိုးစားပြီး သုံးရုံမှတစ်ပါး အခြားမရှိတော့ပြီ။

မှီငြမ်း-
http://online.wsj.com/article/SB10000872396390443675404578060603341778848.html

Oct 14, 2012

ဖုန်း / သင်ပုန်း သုံးသူတွေရဲ့ အကောင့်

ဒီကနေ့ ဖုန်း / သင်ပုန်း သုံးသူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကို ဖြေရှင်းကြရအောင်ပါ။

1. Sign in (၀င်ခြင်း) 
အင်တာနက်နဲ့ ချိတ်ဆက်ပြီး စမတ်ဖုန်း / သင်ပုန်း အသုံးပြု ပြုချင်း မေးလ်-အကောင့် (mail account) တစ်ခုခုနဲ့ မဖြစ်မနေ Sign in ၀င်ရမြဲပါ။ ဆိုင်ကနေ ဖုန်း / သင်ပုန်း အသစ် ၀ယ်လာလို့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်ကနေ လက်လွှဲလက်ပြောင်း ရယူတာပဲ ဖြစ်ဖြစ် မိမိကိုယ်ပိုင် အကောင့်နဲ့သာ ၀င်ပြီး အသုံးပြုရတာပါ။ မေးလ်-အကောင့် (mail account) တစ်ခုခု ရှိမနေသေးရင် အသစ် လုပ်ကို လုပ်ရပါမယ်။ မြန်မာနိုင်ငံမှာတော့ အများစုက G-mail အကောင့်ကိုသာ အသုံးပြုတဲ့အတွက် G-mail အကောင့် အသစ်ဖွင့်ပြီး သုံးပေါ့။ အကောင့်ရှိပြီးသား သူများအတွက်တော့ Sign in ၀င်လိုက်ရုံပါ။

 ဒီလိုဆို မေးလ်အကောင့် မရှိတဲ့သူတွေ ဖုန်း/ သင်ပုန်းကို မသုံးရတော့ဘူးလား မေးစရာ ရှိပါတယ်။ စာရေးသူရဲ့ ပုဂ္ဂလိကအမြင်နဲ့ ဖြေရရင် ခပ်ရှင်းရှင်းပါပဲ။ No နိုး။ လုံးဝ မသုံးသင့်ဘူး။ စမတ်ဖုန်းကို ဆိုလိုတာပါနော်။ (သာမန် စကားပြောရုံလေးလောက်သာ အသုံးပြုတဲ့ ဖုန်းတွေကို မဆိုလိုပါ။) စမတ်ဖုန်းလို့ ခေါ်ကတည်းက အင်တာနက်နဲ့ ချိတ်ဆက်ပြီး အဆက်အသွယ် လုပ်ဖို့လေ။ ဆက်သွယ်ဖို့ရာ အကောင့်မရှိတဲ့ သင့်ကို ဘယ်သူက လာပြီး ဆက်သွယ်မှာလဲ၊ ပြီးတော့ သင်ကကော ဘယ်သူ့ကို သွားပြီး ဆက်သွယ်မလဲ။ ဒါကို မမေ့ကောင်းဘူး။

ဥပမာ-သတင်းထူး တစ်ပုဒ် ဖတ်လိုက်ရတယ်၊ မိတ်ဆွေတွေဆီ ရှယ်လ်ချင်တယ်။ ဒီအဆင့်လေးတင် သင်ရဲ့အကောင့်၊ မိတ်ဆွေရဲ့ အကောင့် လိုအပ်နေပြီလေ။ ပြီးတော့ မီဒီယာကဏ္ဍကို အသုံးချဖို့ အင်တာနက်က ပေးအပ်ထားတာပါ။ သင်က မန်ဘာတစ်ယောက်အဖြစ်ကော၊ မီဒီယာသမားအနေနဲ့ကော သင့်ရဲ့ စွမ်းဆောင်နိုင်သမျှ လုပ်ဆောင်ချက်ပေါ် မူတည်ပြီး အင်တာနက်ကို အသုံးချလို့ ရပါသေးတယ်။ ဒီအတွက်ကြောင့် အကောင့်တစ်ခု လိုကို လိုအပ်ပါတယ်။ ဒီနေရာမှာ အကောင့်ကို မန်ဘာဝင် (membership) လို့လည်း ခေါ်ဆိုလို့ ရပါတယ်။

အရင်ခေတ်လို ဖုန်းဆိုတာ ဖုန်းဆက်ရုံလောက် မဟုတ်တော့ဘူး။ ဖုန်းကနေတစ်ဆင့် ချိတ်ဆက်ထားတဲ့ အင်တာနက်ကွန်ယက်ကို ၀င်ပြီး အထွေထွေ သုံးတဲ့ခေတ် ရောက်ရှိနေပါပြီ။ ဒီအတွက်ကြောင့် ဆက်သွယ်ရေးကဏ္ဍမှာ ပြင်ပ ဆက်သွယ်မှုအတွက် ဖုန်းနံပါတ် ရှိနေရသလို၊ အတွင်း ဆက်သွယ်မှုအတွက် မေးလ်အကောင့်တစ်ခုကိုပါ လိုအပ်လာပါတယ်။ ဆိုရရင် အင်တာနက်နဲ့ ချိတ်ဆက်ပြီးကတည်းက သင်ဟာ အွန်းလိုင်းလောကထဲ စာရင်းဝင်သွားပြီ။ စာရင်းဝင်တစ်ယောက်ပီပီ ရယူခွင့် ရှိတာကိုလည်း ရယူကြရမယ်။ ပေးခွင့်ရှိတာကိုလည်း ပေးဆပ်ရမယ်လေ။ ဥပမာ- အွန်းလိုင်းပေါ်က တင်ထားသမျှကို ကြည့်ရုံ၊ နားထောင်ရုံ၊ ဖွေရှာ မွှေနှောက်ရုံနဲ့ သင် ဘယ်သူဘယ်ဝါဆိုတာ မည်သူကမှ ဂရုမစိုက်ပါ။ ဒါပေသိ အွန်းလိုင်းပေါ် တင်ထားတဲ့ ရယူပိုင်ဆိုင်ခွင့် တစ်ခုခုကို (အခမဲ့ဖြစ်ဖြစ်၊ ငွေပေး ၀ယ်ရတာပဲဖြစ်ဖြစ်) သင်က ရယူတော့မယ်ဆိုရင်၊ ဒါမှမဟုတ် သင်က ပေးချင်တယ်ဆိုရင် ယူကြောင်း၊ ပေးကြာင်း လက်မှတ်လေးတော့ ချန်ထားခဲ့ရမှာပေါ့။

ဒီလက်မှတ်လေးကိုပဲ အကောင့် (account) လို့ သတ်မှတ်ကြသလို လက်မှတ်ထိုးတာကိုတော့ Sign in လို့ ခေါ်ဆိုကြတာပေါ့။

2. Add (အကောင့် ထည့်ခြင်း) 
တကယ်လို့များ သင်က ဂူးဂဲလ်ရဲ့ အန်ဒရွိုက် စက်လည်ပတ်မှုစနစ်နဲ့ မောင်းထားတဲ့ ဖုန်း / သင်ပုန်းကို သုံးတော့မယ် ဆိုပါစို့…။ Gmail account ဂျီမေးလ်အကောင့် တစ်ခု မုချ လိုအပ်ပါတယ်။ ဒါဆို Gmail account ဂျီမေးလ်အကောင့်ကို သင့်ဖုန်း / သင်ပုန်းမှာ ဘယ်လို အသစ် ထည့်သွင်းမလဲ၊ အဟောင်းကို ဘယ်လို ဖျက်သိမ်းမလဲဆိုတာ သိထားသင့်ပါတယ်။ အသစ်ထည့်တာ လွယ်ပေမယ့်၊ အဟောင်းကို ဖျက်တာကိုတော့ သတိထားရပါမယ်။ ဖုန်း / သင်ပုန်းအတွင်းမှာ သိမ်းဆည်းထားတဲ့ နံပါတ်၊ လိပ်စာ-စတဲ့ အချက်အလက်တွေပါ ပျေက်သွားမှာ စိုးရလို့ပါ။ ကဲ တစ်ဆင့်ချင်းစီ လုပ်လိုက်ကြစို့ . . .။


၁။ ကျားကွက်လို အကွက်အများကြီးပါတဲ့ မီနူ-အပ်ပ် (Menu) ကို ဖွင့်လိုက်ပါ။
၂။ Setting (ပင်နယံပုံစံ) ကို ရှာပြီး နှိပ်ပါ။ (ဇယားကွက်တွေ ပေါ်လာရင်)
၃။ Accounts & Sync ကိုရွေးပြီး နှိပ်ပါ။
၎။ Add account ကိုနှိပ်ပါ။ (ကိုယ်ပိုင်အကောင့်ကို ထည့်ဖို့ပါ။)
ပြီးရင်- Corporate, Facebook, Google စတဲ့ အကောင့်အမျိုးအစား ၃-မျိုး ပေါ်လာမယ်။
၎။ Google ကိုရွေးပြီး နှိပ်ပါ။
၅။ Adding an account ကို ထပ်ရွေးပါ။
၆။ Next (ရှေ့သို့) ကို ထပ်နှိပ်ပါ။ ပြီးရင်- Already have a Google Account စာတန်း ပေါ်လာမယ်။ ထည့်သွင်းခြင်းကိစ္စ ပြီးပါပြီ။
၇။ ဒါဆိုရင် Sign In ကို အသုံးပြုလို့ ရပါပြီ။
(Sign In ၀င်တဲ့အခါမှာ ID နာမည်၊ Password လျှို့ဝှက်နံပါတ် ရိုက်ထည့်ရုံလေးပေါ့။ (အကောင့် အများကြီး ထည့်သွင်းထားရင် ထည့်သွင်းထားတဲ့ အကောင့်တိုင်းနဲ့ ၀င်သုံးလို့ ရတယ်။ ဒါပေမယ့် ပြဿနာ မကြာခဏ ပေါ်လေ့ရှိတယ်။ စက်ပြဿနာပါ။)

 3. Delete (အကောင့် ဖျက်ခြင်း) 
တစ်ခါတရံ ဖုန်းမှာ အကောင့်ရှိနှင့်နေပြီးသားလည်း ဖြစ်တတ်ပါတယ်။ မိမိလက်ထဲ မရောက်ခင် မူလပိုင်ရှင်က အကောင့်ထည့်သွင်းထားတာ၊ သို့မဟုတ် ဖုန်း / သင်ပုန်းအသစ် စ၀ယ်ကတည်းက မိမိကိုယ်ပိုင်အကောင့် မရှိသဖြင့် ဆိုင်က သူတို့ရဲ့ အကောင့်နဲ့ စမ်းသပ် ထည့်ပေးတာမျိုး ရှိတတ်တယ်။ အကောင့် ထည့်ပြီးသား ဖုန်း / သင်ပုန်း မိမိလက်ဝယ် ရောက်လာပါက ဖုန်းဆက်ရုံ၊ အင်တာနက် မွှေနှောက် အသုံးပြုရုံလေးက ကိစ္စမရှိသေးပေမယ့် တစ်ခုကို ဒေါင်းယူ (Download) ရတော့မှာတို့၊ အဘိဓာန်လိုမျိုး အသုံးချ အပ်ပ် တစ်ခုခုကို ထည့်သွင်း(Install) ချင်တာတို့ဆို ကိစ္စက ကြီးလာပါပြီ။ ဖုန်း / သင်ပုန်းမှာ ရှိနှင့်ပြီးသား အကောင့်ရဲ့ လျှိ့ဝှက်ဂဏန်း (password) ကို မိမိ ဘယ်လိုမှ မသိနိုင်ပါ။ ဟိုဘက်က စိတ်ကောင်းလို့ ပေးထားတယ် ထားဦး၊ သူများအကောင့်နဲ့ ဘယ်သုံးချင်ပါ့မလဲလေ။ သို့ဖြင့် အကောင့်ဟောင်းကို ဖျက်တတ်ဖို့ကလည်း လိုအပ်ပါတယ်။ (မဖျက်တတ်က ထည့်သွင်းထားသမျှ၊ အချက်အလက်၊ သီချင်း၊ ဗီဒီယိုတွေ ကုန်သွားမှ ဒုက္ခ။) အဲ… သူများ အကောင့်ဟောင်းချည်းပဲ ဖျက်လို့ရတာ မဟုတ်ဘူး၊ မိမိရဲ့အကောင့်က လူသိများသွားပြီ၊ ဖျက်ချင်တယ် ဆိုလည်း ရတာပါပဲ။ ကဲ… အကောင့်ဟောင်းကို တစ်ဆင့်ချင်း ဖျက်လိုက်ရအောင်။


၁။ ကျားကွက်လို အကွက်အများကြီးပါတဲ့ မီနူ-အပ်ပ် (Menu) ကို ဖွင့်လိုက်ပါ။
၂။ Setting (ပင်နယံပုံစံ) ကို ရှာပြီး နှိပ်ပါ။ (ဇယားကွက်တွေ ပေါ်လာရင်)
၃။ Accounts & Sync ကိုရွေးပြီး နှိပ်ပါ။(တွေ့နေတဲ့ အကောင့်ဟောင်းကို ဖျက်ဖို့ရာ)
၎။ Manage accounts ကို နှိပ်ပါ။
၅။ တွေ့နေတဲ့ အကောင့်ဟောင်းကို နှိပ်နှိပ်ချင်း Data & Synchronization တပ်ခ်ျ ပေါ်လာမယ်။ (အောက်သို့ ဆွဲချပါ။)
၆။ Remove account စာတန်း ပေါ်လာလိမ့်မယ်။ နှိပ်လိုက်ပါ။
၇။ မှားမှာစိုးလို့ Do you really want to remove this account? စာတန်းနဲ့ ထပ်မေးလို့မယ်။
၈။ Remove account ကိုပဲ ရွေးနှိပ်ပါ။

ဒီနေရာမှာ သတိထားရမှာက Remove နဲ့ Delete all ပါ။ တကယ်လို့များ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ-စတာတွေကို backup လုပ်ထားရင် Remove နဲ့ Delete all ကို မှားပြီး နှိပ်မိလည်း ကိစ္စ မရှိပါ။ Restore ပြန်လုပ်လို့ ရတယ်။ backup သာ လုပ်မထားရင် Remove account ကိုပဲ ရွေးနှိပ်ပါ။

4. Restore (မူလအတိုင်း) 
ဖုန်း / သင်ပုန်းကို စက်ရုံက ထုတ်လုပ်ထားတဲ့ မူလပုံစံအတိုင်း လိုချင်ရင် Restore ပြန်လုပ်ဖို့ လိုပါတယ်။
၁။ Settings
၂။ Privacy
၃။ Personal data
၎။ Factory data reset ကို ရွေးပြီး၊
၅။ Reset ကိုသာ နှိပ်ချလိုက်ပါ။

ဖုန်း / သင်ပုန်းမှာ ထည့်သွင်း လုပ်ဆောင်ထားတဲ့ အပိုလုပ်ဆောင်ချက်တွေမှန်သမျှ မူလအတိုင်း ပြန်ဖြစ်သွားပါမယ်။ (မှတ်ချက်။ အကောင့်သစ် တစ်ခုကို ထည့်သွင်းတာ လွယ်ကူပေမယ့်၊ ရှိနှင့်နေတဲ့ အကောင့်ဟောင်း တစ်ခုကို ဖျက်ရတာ အနည်းငယ်တော့ ရှုပ်နေမယ်။ သတိထားပြီး ဖျက်ပါ။ ဖုန်း / သင်ပုန်းမှာ အရေးကြီးတဲ့ အချက်အလက် ဘာမှ ရှိမနေဘူးဆိုရင် ရဲရဲသာ ဖျက်ချကြည့်ပါ။ အားလုံး အဆင်ပြေပါစေ…။

မှီငြမ်း- Google Account

Oct 8, 2012

အိုင်အိုအက်စ်ဆစ် နှင့် အသစ်သစ်

မေးလ်ထဲမှာ လှမ်းကြေညာထားတဲ့ ပစ္စည်းအရောင်း ကုမ္ပဏီတစ်ခုကနေ “Out with the old, in with the new” ကို တွေ့လိုက်မိတယ်။ လှပပြီး ထိမိတဲ့ စကားစုပါ။ ဒီစကားစုကို လေ့လာကြည့်တော့ ဦးစွာ ထုတ်ပြောခဲ့သူကား စကော့တလန်သား လီဒေါက်ဂလပ်-၄ (Lee Douglas-iv) ဖြစ်နေပါတယ်။ သူ့မှာ ညအိပ်အလှည့်ကျတဲ့ အမေနဲ့ နေ့အလှည့်ကျ အနှောင်းမယား ဆိုပြီး ၂-ယောက်ရှိတယ်။ နေ့ဘက်ဆို စပိန်ခရစ်ယာန် ဘုန်းကြီးဆီမှာ သွားပြီး အိပ်တတ်တဲ့ သူ့အမေကို မနာလို မရှုဆိတ်ဖြစ်ပြီး သူ့နှုတ်ကနေ လွှတ်ကနဲ ထွက်လာတဲ့ စကားပါ။

နောက်ပိုင်းကျတော့ နှစ်ကူးတဲ့ အခါသမယမှာလည်း ဒီစကားစုကို သုံးနှုန်းကြတယ်။ သင့်နောက်ကွယ်က အဟောင်းကို မေ့ပစ်ပြီး အသစ်ဆီသို့ အားစိုက်လှမ်းဝင်ပါ (Forgetting what is behind and straining toward what is ahead) ဆိုတဲ့ အဓိပ္ပါယ်နဲ့ပေါ့။ အိုင်တီ တစ်ခေတ်ဆန်းလာတော့ ဒီစကားစုကိုပဲ လိုရင်းတစ်မျိုးနဲ့ အဆိုအမိန့် ပြုကြတယ်။ စနစ်ဟောင်းကနေ ခွါ၊ စနစ်သစ်ဆီသို့ တက်လှမ်းပါ၊ သို့မဟုတ် ခေတ်ဟောင်းကနေ ခွါ၊ ခေတ်သစ်ဆီသို့ တက်လှမ်းပါလို့ ဘာသာပြန်ရမယ် ထင်တယ်။ ကြည့်ရတာ လူ့သဘာဝ အသစ် ဘယ်လိုကောင်းကောင်း အဟောင်းထဲ တ၀ဲလည်လည် ဖြစ်နေပုံပေါ်မယ်။ ဒါကြောင့်လည်း ကုမ္ပဏီ က ဒီဆောင်ပုဒ်ကို ကိုင်စွဲလိုက်တာ နေမှာ။ ကုမ္ပဏီ ပြောတဲ့ အဟောင်းက ပစ္စည်းဟောင်းကို ဆိုလိုပုံ မရပါဘူး။ ဘာလို့လဲဆိုတော့ အရည်အသွေးကောင်း ပစ္စည်းဟောင်းတွေထက် အလှအပ ပစ္စည်းသစ်တွေဆီ လူတွေ ချီတက်နေကြလို့ပါ။ ကနေ့ခေတ်ကား သင်္ဘောသားတွေ တင်သွင်းတဲ့ မြေနင်းလို့ခေါ်တဲ့ မော်ဒယ်နိမ့် ကားခေတ်၊ စက်ကင်ဟန်းလို့ မြန်မာတွေ ခေါ်နေတဲ့ တစ်ပတ်ရစ် စက်ပစ္စည်းခေတ်၊ ဈေးချို အမျိုးစားကောင်း အဟောင်းဆိုင်က ပေထုပ်ခေတ်မှ မဟုတ်တော့ပဲကိုး။

ထင်ရှားကျော်ကြားတဲ့ ကုမ္ပဏီများမှ အထင်ကရ တံဆိပ်အမှတ်အသား 

ကုမ္ပဏီ ပြောတဲ့ အဟောင်းက တံဆိပ်ဟောင်း(အမှတ်အသားဟောင်း) ကို ဆိုလိုတာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် အတွေးအခေါ်ဟောင်းတွေကို ဆိုလိုတာလည်း ဖြစ်နိုင်ပါတယ်။ အများစုကလည်း အကျွမ်းဝင်နေတဲ့ တံဆိပ်အမှတ်အသားကိုသာ စိတ်ရော ကိုယ်ပါ တစွဲမက်မက် သုံးစွဲခဲ့ကြတာကိုး။ ဥပမာ- ကားဆို တိုရိုတာမှ၊ ရေခဲသေတ္တာဆို တိုရှီဘာမှ၊ တီဗီကျရင် ဆိုနီ၊ ကင်မရာက နီကွန်၊ ဖုန်းမှာ နိုကီယာ အဲဒါဆို အဲဒါမှ ဖြစ်နေတဲ့ ခေတ်ကိုး။ ဒါကြီးကိုပဲ ထိုးခိုင်းနေတဲ့ “ဒါးထိုးဘုန်းကြီး” ရဲ့ ခေတ်နဲ့ ဆင်နေသလားလို့ပါ။

စကားစပ်လို့ “ဒါးထိုးဘုန်းကြီး” အကြောင်းကို ဖောက်သည်ချပါရစေ။ ယုံတမ်း ပုံပြင်မဟုတ်သလို၊ လံကြုပ်ဇာတ်လမ်းလည်း မဟုတ်ပါ။ ရန်ကုန်မြို့တော် စည်ပင်ဧရိယာမှာ တကယ့်ပကတိ ရှိခဲ့သည့်အဖြစ်အပျက်ပါ။ ဂဏန်းသုံးလုံးတွေ ခေတ်ကောင်းနေတဲ့ အချိန်ကာလတုန်းကပေါ့။ တောထွက်ဘုန်းကြီးတစ်ပါးက ဂဏန်းပေးတယ်။ မှန်တယ်။ နာမည်ကြီးတယ်။ ဒီတော့ လူတွေ တအုံအုံ တရုန်းရုန်းနဲ့ပေါ့။ သူ့ဆီရောက်သွားတဲ့ ဂဏန်းတောင်းသူတိုင်းကို “ဒါထိုး” (ဒါလေးကို ထိုးပါ) လို့ သူ အသင့်ရေးထားတဲ့ စာရွက်ပေါ်က ဂဏန်းကို လက်ညှိုး ထိုးပြလေ့ရှိသတဲ့။ အဲဒါနဲ့တင် နောက်ပိုင်း လူတွေက ဒီဂဏန်းကို “ဒါးထိုးဘုန်းကြီး” ကိုယ်တိုင် မစထားတဲ့ ဂဏန်းလို့ ပြောကြတယ်။ ထိုးကြတယ်။ ပေါက်ကြတယ်။ ဘုန်းကြီးနောက်ကို တကောက်ကောက် လိုက်ကြတယ်။ အဲ… ပေါက်တဲ့လူက တစ်ယောက်စ နှစ်ယောက်စ၊ ဘ၀ မှောက်တဲ့လူက အယောက်ရာထောင်ပေါ့။ အဲလို သံသရာလည်ရင်း“ဒါထိုးဘုန်းကြီး” ကနေ “ဒါးထိုးဘုန်းကြီး” သို့၊ “ဒါးထိုးဘုန်းကြီး” ဘုန်းကြီးကနေ “ဓားထိုးဘုန်းကြီး” အထိ နာမည်ကြီးလှပါဘိ။ ပစ္စည်းကြေညာတဲ့ ကုမ္ပဏီရဲ့ ဆိုလိုရင်းက (ဒါးထိုးဘုန်းကြီး နောက်နောက်လိုက်လို) ဒါကြီးကိုပဲ ထိုးမနေဘဲ ခွဲထွက်ပြီး ကိုယ်ပိုင်တွေးခေါ်ဆင်ခြင်မှုနဲ့ ဖြန့်တွေးဖို့ပဲပေါ့။

အခုတလော အိုင်တီလောက အသုံးအဆောင်မှာ “Out with the old, in with the new” က များမှများ။ ခေတ်ဟောင်း စနစ်ဟောင်းကနေ ခွါပြဲ ခွဲထွက်ပြီး ခေတ်သစ် စနစ်သစ်ဆီ ချီတက်နေကြလိုက်တာ။ အားရစရာ ကောင်းမှကောင်း။ အမေရိကန် ကုမ္ပဏီဖြစ်တဲ့ အက်ပယ်လ်ကပဲ အိုင်ဖုန်းဖိုက် ထုတ်ရောင်းခဲ့တာ နိုင်ငံအစုံတောင် ရောင်းမနှံ့သေးဘူး။ အိုင်ပက်-မီနီ (iPad mini) ကို ထပ်ထုတ်တော့မယ် ဆိုပဲ။ ၂၄-နာရီအတွင်း အော်ဒါ (အမှာစာ) လုံးရေ ၂-သန်းရခဲ့တာ၊ တစ်ပတ်အတွင်း လုံးရေ ၅-သန်းကျော် ရောင်းထွက်တာကို အကြောင်းဖန်ပြီး အောက်တိုဘာလ ၁၇-နေ့ကျရင် ထောင့်ဖြတ် ၇.၈၅ အရွယ်နဲ့ အိုင်ပက်-မီနီကို ထုတ်မယ်တဲ့။ သစ်လည်း သစ်နိုင်ပါပေရဲ့။

အောက်တိုဘာလအတွင်း စတင်ရောင်းချတော့မယ့် ဖုန်း၊ သင်ပုန်းများ 

ပြီးတော့ ဒါတင်လား၊ မဟုတ်ပါ။ ဆော့ပ်ဝဲလ်လောကကို ဦးဆောင်နေတဲ့ မိုက်ခရိုဆော့ပ်ကလည်း ခေတ်သစ်နစ်သစ်ဆီ ချီတက်နေတာပါပဲ။ သူ့ကိုယ်ပိုင် သင်ပုန်းဖြစ်တဲ့ ဆာဖေ့ (Surface) ကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ဖြန့်မယ်လို့ ကြေငြာထားပြန်တယ်။ ဆာဖေ့ (Surface) ကိုတော့ ၀င်းဒိုး-၈ (Windows 8) နဲ့ အမြင်သစ်စွာ မြင်တွေ့ရမှာပါ။ ပြီးတော့ အန်ဒရွိုက်လောကမှာ ကြီးစိုးနေတဲ့ ကိုရီယားကုမ္ပဏီ ဆမ်ဆောင်းကလည်း လုံးရေ သန်း ၂၀ ကျော် ရောင်းချနိုင်ခဲ့တဲ့ ဂဇက်ဇီ-အက်သရီး (Galaxy SIII) ကို အားမရသေးပဲ ဂဇက်ဇီ-အက်သရီး မီနီ (Galaxy SIII Mini) တစ်မျိုးကို ထပ်ထုတ်လုပ်မယ် ဆိုပြန်တယ်။ ဒီအောက်တိုဘာ ၁၁-ရက်နေ့မှာပဲ စတင် ရောင်းချတော့မယ်တဲ့။

ရှိသေးတယ်။ စနစ်သစ်ခေတ်သစ်ဆီ ခြေလှမ်းနောက်မကျအောင် ဇွတ်ပြေးနေတဲ့ ထိုင်ဝမ်ကုမ္ပဏီ HTC ပေါ့။ The One X ဖုန်းကို အရောင်းသွက်လို့ ထင်ပါ့၊ ခုကျတော့ ဒီမျိုးဆက်ကို အခြေခံပြီး The One X+ ကို ထပ်ထုတ်မယ်တဲ့။ နောက်ဆုံးပေါ် အန်ဒရွိုက် စက်လည်ပတ်မှုစနစ်ဖြစ်တဲ့ Jelly Bean နဲ့ မောင်းနှင်ထားတယ်တဲ့။ သွက်လိုက်တဲ့ ခြေလှမ်း၊ ဟန်လိုက်တဲ့ အိုင်တီကုမ္ပဏီ။ မြန်မာစကားပုံထဲက “ခြေတစ်လှမ်း ကုဋေတစ်သန်းတန်” ဆိုတာ ခုမှ ရေးရေးလေး အတွေးပေါက်လာတယ်။ မိန်းမတွေရဲ့ ခြေလှမ်းဟုတ်ဘဲ၊ အိုင်တီရဲ့ ခြေလှမ်း ဖြစ်နေပါရော့လားလို့ပေါ့။

အိုင်တီခေတ်မှာ မယုံနိုင်စရာ “Out with the old, in with the new” က များလှပါပေ့။ အမေ့နို့ဖိုး မဆပ်နိုင်ဘဲ၊ အန်တီ့ကြွေး၊ အဲ.. အိုင်တီအကြွေး ကြေဦးပါ့မလား စဉ်းစားစရာ။ ဒါတွေ အသာထားဦး၊ ဆောက်ဖြစ်မှ ကျောင်းဒကာ။ ၀ယ်ဖြစ်မှ ကိုယ့်ဥစ္စာကိုး။ ကနေ့အဖို့ အသစ် အပ်ဒိတ်လုပ်ထားတဲ့ iOS 6 အကြောင်းကို စပြီး ဆွေးနွေးကြရအောင်ပါ-

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆-ရက်နေ့က စက်လည်ပတ်မှုစနစ် အဟောင်းဖြစ်တဲ့ iOS 5.1 ကနေ အသစ်ဖြစ်တဲ့ iOS 6 ကို အက်ပယ်လ်ကုမ္ပဏီက ထုတ်လုပ်ခဲ့တယ်။ ဒီ iOS6 ကို ပူပူနွေးနွေး ထုတ်လုပ်ရောင်းချနေတဲ့ အိုင်ဖုန်းဖိုက် (iPhone5) နဲ့ တွဲဖက်အသုံးပြုခဲ့တာပါ။ ဒါပေမယ့် မြှင့်လိုတဲ့ ဘယ်အက်ပယ်လ်ဖုန်း သင်ပုန်မဆို Update လုပ်လို့ရအောင် အခမဲ့ ဖြန့်ဝေထားတယ်။ Update လုပ်လို့ရတဲ့ အိုင်ဖုန်း အမျိုးအစားထဲကဆို iPhone 3GS, iPhone 4, iPhone 4S, iPhone 5 တို့ ပါဝင်ပြီး၊ အိုင်ပေါ့ အမျိုးအစားထဲမှာ iPod touch (4th Generation), iPod touch (5th Generation), နှင့် အိုင်ပက် အမျိုးအစားထဲက iPad 2, The New iPad တို့ ပါဝင်ပါတယ်။

ကိုယ်တိုင်ထုတ်လုပ်တဲ့ အက်ပယ်လ်ကုမ္ပဏီကတော့ အသစ်ထုတ်လုပ်ခဲ့တဲ့ iOS 6 ကို အပို အပ်ပ် (Apps) ၂၀၀ ကျော် ထပ်ဖြည့်ထားတယ်လို့ ပြောတယ်။ ပြီးတော့ အဟောင်း iOS 5.1 ထက် ကောင်းတယ်၊ မြန်တယ်လို့ ပြောတာပဲ။ ဒါပေမယ့် အသုံးပြုသူ စာရေးသူတို့ အုပ်စု (အိုင်ဖုန်း ၃-လုံးနဲ့၊ အိုင်ပက် ၈-လုံး) မှာတော့ ကောင်းတဲ့ အကွက် တစ်ကွက်မှ ရှာမတွေ့သေးပါဘူး။ မြန်မာဘလော့၊ မြန်ဝက်ဆိုက်တွေကို ဖတ်ဖို့ ထည့်သွင်းထားတဲ့ Mogok Brower ကို ဖွင့်ရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ပြီးတော့ အဖွင့်အများဆုံး ဖြစ်တဲ့ Youtube ကလည်း (App) ပါမလာတော့ဘူး။ ဗီဒီယိုဖိုင်တစ်ခုခု ဖွင့်ချင်တိုင်း Safari မှာ သွားရိုက်ရှာနေရတာကိုက ဒုက္ခ။ ခရီးဝေး သွားတဲ့အခါမှာလည်း အရင်မြေပုံစနစ်ကို ဘယ်လိုမှ မမီဘူး။ နိုင်ငံတကာမှာ အက်ပယ်လ် မြေပုံမှာ အမှားတွေချည်း စွတ်စွဲသလို စာရေးသူတို့ကလည်း နေရာရှာလိုက်တိုင်း မတွေ့ဘူးချည်း ပြနေတာကို ကမ်ပိန်း လုပ်ရမယ် ထင်တယ်။ Update လုပ်လိုက်တာ မှားမိလေခြင်းလို့ပဲ နောင်တ ရနေကြတာ များတယ်။ အိုင်တီနည်းပညာ တစ်ခုခုထွက်တိုင်း အကောင်း / အဆိုးတွေကို ဝေဖန်လေ့ရှိတဲ့ CNet ကလည်း iOS 6 စက်လည်ပတ်မှုစနစ်ကို အောက်ပါအတိုင်း သုံးသပ်ပြထားတယ်။

အက်ပယ်လ်ရဲ့ နောက်ဆုံးပေါ် iOS 6 ရဲ့ အမှတ်အသား 

iOS 6 ရဲ့ ကောင်းကွက် 
လူတွေ မျှော်လင့်တောင့်တနေတဲ့ အသုံးဝင် Apps တွေ အများကြီးကို ထည့်ပေးထားတယ်။ ရှိပြီးသား Apps တွေကိုလည်း အသုံးပြုလွယ်အောင် ပြုပြင်ထားတယ်။ မြေပုံစနစ်ကို 3-D (သုံးဘက်မြင်) အဖြစ် ပြောင်းလဲနိုင်တာ ချီးမွမ်းစရာ အံ့သြဖွယ်ဘနန်းပါ။ အသံနဲ့ အသုံးပြုတဲ့ Siri ကလည်း အများကြီး တိုးတက်ကောင်းမွန်လာတယ်။

iOS 6 ရဲ့ ဆိုးကွက် 
အက်ပယ်လ်က ထည့်သွင်းပေးထားတဲ့ Apps အသစ်တွေဟာ အန်ဒရွိုက်ဖုန်းတွေမှာ သုံးနေကျ Apps တွေနဲ့ ထူးမခြားနားပါ။ ပထ၀ီဝင် အနေအထားနဲ့ ကိုက်ညီအောင် မြေပုံစနစ်ကို အများကြီး ပြုပြင် ရဦးမှာပါ။ တစ်ချို့ Apps တွေကို ဖုန်း၊ သင်ပုန်းအဟောင်းတွေမှာ အသုံးမတည့်ပါဘူး။ Google Maps လို တွဲဖက်အသုံးပြုရတဲ့ တစ်ချို့ Apps တွေကိုလည်း အကြာကြီး စောင့်ပြီး ဖွင့်ရတာတို့၊ ဖွင့်ပြီး မကြာဘဲ ပျောက်သွားတာတို့က သိပ်အဆင်မပြေလှပါ။

သုံးသပ်ချက် 
အက်ပယ်လ်ရဲ့ မြေပုံ (Maps) စနစ်က အကြမ်းထည်ပဲ ရှိပါသေးတယ်။ မရှိသေးတဲ့ Apps အသစ်တွေကို ရရှိတာ ကောင်းတယ်။ ဒါပေမယ့် သုံးစွဲသူ အဆင်ပြေအောင် စက်လည်ပတ်မှုစနစ် iOS 6 ကို အများကြီး Update လုပ်ရဦးမှာပါ။ မကောင်းတာကိုပဲ ကွက်မြင်ရင်လည်း အဆိုးမြင်ရာ ရောက်တယ်။ ဒီတော့ အကောင်းဘက်ကိုလည်း တစ်လှည့် မြင်ကြည့်ကြအောင်ပါ။ အက်ပယ်လ်ရဲ့ ၀က်ဆိုက်မှာ တင်ထားတဲ့ iOS 6 ကောင်းကြောင်း အထောက်အထားတွေနဲ့ပေါ့။

အရင်ဆုံး အက်ပယ်လ်ရဲ့ ကြေညာက “iOS 6 ဟာ သင်ကြုံတွေ့နေရတဲ့ နေ့စဉ် အခက်အခဲကို ပိုပြီး ပြေလည်အောင် သွင်ပြင်လက္ခဏာများစွာ သင့်ဆီကို ဆောင်ကျဉ်းပေးထားတယ်။ သင့်ရဲ့ အိုင်ဖုန်း၊ အိုင်ပက် ဒါမှ မဟုတ် အိုင်ပေါ့အတွက် iOS 6 ကို အခမဲ့ပဲ ပေးထားတယ်။ အလွယ်တကူ အဆင့် မြှင့် (update) ယူပါ” တဲ့။ ဒီအတိုင်းဆို အက်ပယ်လ် ဇောင်းပေး ဖော်ပြထားတဲ့ Apps ၁၀-ခုအကြောင်းကို ဆက်လက်ပြီး လေ့လာကြရအောင်။

အက်ပယ်လ်ရဲ့ မြေပုံစနစ်က 
1.Maps
အက်ပယ်လ်ရဲ့ မြေပုံစနစ်က အသစ်တိုင်းနီးပါးကို တော်လှန်လိုက်တယ်။ မြေပြင်အောက်ကနေ အထက်ကောင်းကင်တိုင်အောင် လှပတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားတယ်။ ဒီမြေပုံစနစ်က ကမ္ဘာကြီးကို ပုံမှန် မြင်တဲ့အမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။ မြေပုံစနစ်မှာ ညွှန်ရပ်ကိုပါ ဖော်ပြပေးတဲ့ပမာဏ အမျိုးအစား (Vector) နဲ့ အခြေခံ တည်ဆောက်ထားတယ်။ ဒါကြောင့် ဘယ်လောက်ပဲ ချဲ့ချဲ့ ပုံ၊ စာသားတွေကို အသေးစိတ် မြင်နိုင်တယ်။ ဧရိယာကို အတိမ်း၊ အစောင်းနဲ့ ကြည့်လိုက်တဲ့အခါ သင် ရောက်ရှိနေတဲ့ လမ်း၊ အဆောက်အအုံတွေရဲ့ နာမည်တွေကိုပါ သိနိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့တဲ့ လမ်းတွေကိုလည်း အချိန်နဲ့တပြေးညီ ဖော်ပြပေးတဲ့အတွက် ကား မောင်းရာမှာ အထောက်အကူ ရနိုင်ပါတယ်။ စုလစ်မွန်းချွန် အထွတ်အထိပ် အဆောက်အဦတွေကို အရည်အသွေးမြင့် မြင်နိုင်အောင် ဖန်တီးပေးထားတယ်။ 3-D သုံးဘက်မြင် မြေပုံတွေပေါ့။

2. Siri 
iOS 6 ဟာ နိုင်ငံပေါင်းများစွာမှ ဘာသာစကား မျိုးစုံကို နားလည်တယ်။ ထိုကြောင့် နေရာပေါင်းစုံမှ အရာဝတ္ထုများစွာကို ရရှိနိုင်ပါတယ်။ နောက်ဆုံး ပွဲအဖြေရဲ့ရလာဒ်၊ အသင်း၊ အားကစားသမားများ အကြောင်းကို သင် သိချင်ပါသလား။ ဒါတွေကို စီရီ (Siri) ဆိုတဲ့ အသံစနစ်က ဖြေပေးနိုင်တယ်။ ပြီးတော့ နောက်ဆုံး ရုံတင် ပြသမယ့် ရုပ်ရှင်တွေကိုလည်း နမူနာအနေနဲ့ကော၊ ပြသမယ့် လိုင်း၊ ပြသမယ့် အချိန်ကော စီရီ (Siri) ကို မေးလိုက်ပါ။ တန်းဖြေပေးပါလိမ့်မယ်။ အကောင်းဆုံး စားသောက်ဆိုင်တွေကို ရှာပြီး ၀င်စားလိုက်ပါ။ သင်လိုချင်တဲ့ အပ်ပ် (App) တွေကို ဖွင့်ရမှာ ပျင်းနေရင် စီရီ (Siri) ကိုသာ အမိန့်ပေး ဖွင့်ခိုင်းတောင် ရနိုင်ပါသေးတယ်။ ဥပမာ “Launch Flight Tracker” or “Open Angry Birds” ပြောလိုက်ပါ၊ စီရီ (Siri) က ဖွင့်ပေးလိမ့်မယ်။ လူမှုရေးဝက်ဆိုက်ဖြစ်တဲ့ Facebook, Twitter မှာလည်း စီရီ (Siri) အသံစနစ်နဲ့ ဖွင့်နိုင်၊ ပို့စ်တွေ တင်နိုင်ပါသေးတယ်။

3. Facebook 
ခုတော့ အရင်ကထက် Facebook ကို လွယ်ကူစွာ အသုံးပြုနိုင်ပါပြီ။ Facebook အပ်ပ် (Apps) မလိုဘဲ တန်းဖွင့်နိုင်ပါပြီ။ ဘေးနားမှာ ရှိနေတဲ့ ဒါမှမဟုတ် ကင်မရာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ရှယ်လ်နိုင်၊ ပေးပို့နိုင်ပါပြီ။ သင် ဘယ်မှာ ရှိနေတယ်၊ ဘယ်နေရာကနေ ပို့စ်တင်နေတာကိုလည်း Maps ကနေတစ်ဆင့် ဖော်ပြပေးလို့ ရသေးတယ်။ ဂိမ်းစင်တာကနေ သင်ဆော့လို့ ရတဲ့အမှတ်ကိုလည်း ကြွားလုံး ထုတ်နိုင်ပါသေးတယ်။ သင့်ရဲ့ လက်က မအားဘူးဆိုလည်း ကိစ္စမရှိပါဘူး။ ပို့စ် တင်ဖို့ စီရီ (Siri) ကိုသာ ခိုင်းလိုက်ပါ။ Sign In သာ ၀င်ထားနှင့်ပါ၊ ကျန်တဲ့ ကိစ္စ၀ိစ္စတွေကိုတော့ စီရီ (Siri) က ဆက်လက် လုပ်ဆောင်ပေးပါလိမ့်မယ်။ နေ့စဉ်ပြက္ကဒိန်ရဲ့ အချိန်ဇယားမှာသာ အစီအစဉ်တွေကို ချမှတ်လိုက်ပါ၊ ဒါဆိုရင် ချစ်သူ၊ သူငယ်ချင်းတွေရဲ့ မွေးနေ့မှာ “Happy Birthday” ပြောဖို့ မမေ့တော့ဘူးလေ။ ပြီးတော့ သိရှိ ခင်မင်ခဲ့ကြတဲ့ ချစ်သူ၊ မိတ်ဆွေတွေရဲ့ ဆက်သွယ်ရမယ့် လိပ်စာ၊ ဖုန်းနံပါတ်တွေကိုလည်း Contacts စာရင်းမှာ ထည့်သွင်းလို့ ရပါသေးတယ်။ ဘယ်တော့မှ ပျောက်ပျက် မသွားတော့ပါဘူး။ ခုနေခါမှာ Facebook ကို သုံးခြင်းဖြင့် ပို့စ်တွေကို တင်ပြီး သင့်ရဲ့ အဖြစ်အပျက်တွေကို မျှဝေခံစားဖို့ အချိန်သင့်ပါပြီ။

Photo Streams လုပ်ဆောင်ချက်
4. Shared Photo Streams 
သင် ရွေးချယ်ထားတဲ့ သူလောက်ကိုသာ သင့်ရဲ့စိတ်ကြိုက် ဓာတ်ပုံတွေကို မျှဝေနိုင်ပါပြီ။ ရှယ် (မျှဝေ) နည်းကတော့-
Photo App ကို သွားဖွင့်ပါ။ (နေကြာပန်းပုံနဲ့ App)
Choose (ပို့ချင်တဲ့ ဓာတ်ပုံကို ရွေး)
Tap (ဓာတ်ပုံပေါ် နှိပ်ပါ၊ နှိပ်နှိပ်ချင်း အောက်ခြေမှာ ပေါ်လာတဲ့ ရှေ့သို့မျှားကို Share လို့ ခေါ်တယ်။)
Share ပေါ် နှိပ်ပါ။

 ဒီလို ရှယ်လ်လိုက်ရုံနဲ့ iOS 6 (အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်ပေါ့) နဲ့ သုံးနေတဲ့ မိတ်ဆွေတွေရဲ့ Photos app ဆီမှာ အလိုလိုရောက်သွားမှာ ဖြစ်ပြီး၊ အက်ပယ်လ်ကွန်ပျူတာ (iMac, MacBook) မှာ တောင်ခြင်္သေ့ (Mountain Lion) ဗားရှင်းနဲ့ သုံးနေတဲ့ သူငယ်ချင်းတွေဆီမှာ iPhoto မှာ သွားပေါ်နေပါလိမ့်မယ်။ ဆိုလိုတာက အချင်းချင်း ချက်တင်ဘောက် (Chatting Box) မှာ လှမ်းပို့ရုံလေးနဲ့ ပုံက အိုင်ဖိုတို (iPhoto) ဆီမှာ အလိုလို ရောက်နေပါလိမ့်မယ်။ ကိုယ်တိုင် ရိုက်ထားတဲ့ ဗီဒီယို၊ ဓာတ်ပုံတွေပဲ ဖြစ်ဖြစ်၊ သူများပို့ပြီး ရယူထားတဲ့ ဗီဒီယို၊ ဓာတ်ပုံပဲ ဖြစ်ဖြစ် အက်ပယ်လ်ရဲ့ တီဗီနဲ့ ကြည့်ရှု ခံစားနိုင်ပါသေးတယ်။ အဲ… အက်ပယ်လ်ပစ္စည်း မသုံးတဲ့ မိတ်ဆွေတွေဆီကို ပို့ထားပါက အွန်းလိုင်းကနေပဲ သူတို့ တွေ့ရမှာပါ။ အများစုက သူတို့ဆီ တိုက်ရိုက် ပို့ပေးတာကို ပိုပြီး နှစ်ခြိုက် သဘောကျလေ့ရှိတယ် မဟုတ်လား။ ဒါမှ သူတို့က ကော်မန့် (မှတ်ချက်) ပေးနိုင်မယ်၊ ဝေဖန်သုံးသပ်သမှု ပြုကြမယ်ပေါ့။ ဒါပေမယ့် ရှယ်လ်ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုစီးကြောင်းလေးကို iCloud သိုလှောင်ရုံလေးမှာ သိမ်းဆည်းထားရုံနဲ့လည်း မိတ်ဆွေတွေက ၀ိုင်ဖိုင်နဲ့ဖြစ်ဖြစ် (မိုဘိုင်းဆင်းကဒ်နဲ့ အင်တာနက်ချိတ်ထားတဲ့) ဆယ်လူလာနက်ဝေါ့နဲ့ ဖြစ်ဖြစ် ရယူနိုင်မှာပါ။

5. Passbook 
သင့်ရဲ့ လေယာဉ်လက်မှတ်၊ ရုပ်ရှင်လက်မှတ်၊ ကူပွန်၊ ကတိဝန်ခံလွှာ စသည်ဖြင့် လက်မှတ်၊ ကတ်ပြားပေါင်းစုံကို တစ်နေရာတည်းမှာ သိမ်းဆည်းထားနိုင်ပါပြီ။ လေယာဉ်ရုံ၊ ရုပ်ရှင်ရုံ၊ ကုမ္ပဏီ၊ စတိုးဆိုင်တွေက အွန်းလိုင်းကနေတစ်ဆင့် ပို့ပေးထားတဲ့ ဒီအချက်အလက်တွေကို Passbook ဆိုတဲ့ App မှာ၊ သို့မဟုတ် မေးလ်မှာ သိမ်းထားနိုင်ပါတယ်။ ပြီးတော့ သင့်ရဲ့ အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်ပေါ့တွေနဲ့ စကင် (Scan) ဖတ်ပြီး ဒီအချက်အလက်တွေကို စစ်ဆေးနိုင်ပါသေးတယ်။ ကူပွန် သက်တမ်း ကုန်ဆုံးတဲ့အချိန်၊ လက်မှတ်ရဲ့ ထိုင်ခုံနေရာ အတိအကျ၊ သွင်းထားတဲ့ ငွေသားရဲ့ လက်ကျန်စာရင်း- စတာတွေကိုလည်း အချိန်မရွေး ပြန်ကြည့်နိုင်ပါသေးတယ်။ သင်ရဲ့ အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်ပေါ့တွေနဲ့ အချိန်၊ နေရာတို့ကို အချိန်းအချက်လုပ်ပြီး မူလမျက်နှာ (Lock screen) မှာ တင်ထားပါ။ ဥပမာ- လေဆိပ်ဆင်းတဲ့အခါမှာ စတိုးဆိုင်ကို သွားပြီး အကြွေးဆပ်မယ်၊ သက်တမ်း ကုန်ဆုံးနေတဲ့ ကူပွန်ကို သက်တမ်းတိုးမယ်ပေါ့။ နောက်တစ်ခါ ချက်ကင် (checked in) ၀င်ပြီးမှ စီးရမယ့် လေယာဉ်က ဂိတ်အပြောင်းအလဲ လုပ်မယ်ဆိုရင်လည်း Passbook က သင့်ကို တပ်လှန့်ပေးမှာပါ။ ဒါဆိုရင် စီးရမယ့် ဂိတ်ပေါက် (terminal) မမှားတော့ဘူးပေါ့။ သင်လည်း မပြေးမလွှားရဘဲ သက်တောင့်သက်သာနဲ့ ထိုင်စောင့်ရုံလေးပေါ့။

6. FaceTime 
စက်လည်ပတ်မှု စနစ်သစ်ဖြစ်တဲ့ iOS 6 နဲ့ FaceTime ကို ၀ိုင်ဖိုင်နဲ့ ဖြစ်ဖြစ်၊ ဆယ်လူလာ (ဖုန်းဆင်းကဒ်ကနေ ချိတ်ထားတဲ့ အင်တာနက်) နဲ့ ဖြစ်ဖြစ် အသုံးပြုနိုင်ပါပြီ။ ဒါကြောင့် သင် တစ်ခုခု ဖြစ်လာတိုင်း FaceTime နဲ့ ခေါ်ပြောနိုင်တယ်၊ ခေါ်ပြောလာတာကို လက်ခံ ဖြေပေးနိုင်တယ်။ ဘယ်နေရာပဲ ရောက်နေနေ သင့်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး ဆင်းကတ်မပါတဲ့ အိုင်ပက်ကိုတောင် FaceTime နဲ့ ဖုန်းခေါ်ဆိုနိုင်တယ်၊ လက်ခံ ဖြေပေးနိုင်ပါသေးတယ်။ ပြီးတော့ ချစ်တဲ့သူကို အလွမ်းသင်္ကေတ ဖြစ်တဲ့ မျက်စိ မှိတ်ပြဖို့၊ ပြုံးပြဖို့၊ လေအနမ်းလေး ချွေဖို့၊ မျက်တောင်လေး ခတ်ပြဖို့ကိုလည်း လုပ်နိုင်ပါသေးတယ်။

7. Phone
iOS 6 မှာ ဖုန်းခေါ်ဆိုတဲ့ App ကို အသွင်ပြင်သစ်နဲ့ ထပ်ပေါင်းထားတယ်။ ဖုန်းတစ်ကော ၀င်လာတဲ့အခါမှာ သင်က စိတ်ကြိုက် ပြန်တုန့်ပြန်နိုင်တယ်။ မအားတဲ့အကြောင်း စာနဲ့ ပြန်တုန့်ပြန်မလား၊ နောက်မှ ထပ်ခေါ်ပါလို့ သတိပေးချက်နဲ့ တုန့်ပြန်မလား၊ ပြန်မယ်ခေါ်လို့ အသိပေးချင်တာလား အားလုံး အိုကေပဲ။ ဗျာများနေတဲ့အခါမှာ အလိုက်အကန်းဆိုးမသိ မနားတမ်း လှမ်းခေါ်နေတဲ့ ဟိုဘက်က ငတိကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်စရာ မလိုပါဘူး၊ Do Not Disturb ဆိုတဲ့ လုပ်ဆောင်ချက်ကိုသာ အွန် (On) လိုက်ပါ။ သင့်ဘော့စ်နဲ့ အရေးကြီးသူများ လှမ်းခေါ်လိုက်တိုင်း လွဲမသွားဖို့လည်း သီးသန့် လုပ်ဆောင်ချက် ပါဝင်သေးတယ်။

8. Mail
မေးလ်နဲ့ ပတ်သက်တဲ့ ပေါင်းကူးစနစ်သစ်ကိုလည်း တီထွင်ထားလေရဲ့။ မေးလ်ကို ပိုပြီး လွယ်ကူစွာ ဖတ်နိုင် / ပို့နိုင်ပါတယ်။ iOS 6 မှာ ဆန်းသစ်ထားတဲ့ မေးလ် (mail) ရဲ့ လုပ်ဆောင်ချက်မှာ အရေးကြီး ပုဂ္ဂိုလ် (VIP) စာရင်း သီးခြား ပါဝင်ပါတယ်။ ဒီသီခြားစာရင်းကြောင့် သင့်အကောင့်ထဲမှာ ရှိနေတဲ့ အရေးကြီးပုဂ္ဂိုလ်များရဲ့ စာ အ၀င်/ အထွက်ကို ဘယ်တော့မှာ မလွဲတော့ဘူး။ ပြီးတော့ အီးမေးလ်ရဲ့ မက်ဆေ့ခ်ျမှာ ဓာတ်ပုံတို့၊ ဗီဒီယိုတို့ ထည့်သွင်းလို့ ရပါသေးတယ်။ အသစ်အသစ် ၀င်လာတဲ့ စာတွေ တန်းသိနိုင်ဖို့ Swipe Down လို့ခေါ်တဲ့ အလိပ် / အဖြန့်ကိုလည်း လုပ်လို့ ရပါသေးတယ်။

 အရင်ဖွင့်ထားတာကို iCloud Tabs သိမ်းဆည်းထားပုံ
9. Safari 
အရေးကြီး ၀က်ဘရောက်ဆာဖြစ်တဲ့ Safari ကိုလည်း ကောင်းအောင် ပြုပြင်ထားတယ်။ အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်ပေါ့တို့နဲ့ လွယ်ကူချောမွေ့စွာ ဖွင့်နိုင်ဖို့ပါ။ အိုင်ကလောက် (iCloud Tabs) က မွှေနှောက်ဖွင့်ခဲ့ဖူးတဲ့ ၀က်ဘရောက်ဆာ စာမျက်နှာ မှန်သမျှကို သိမ်းဆည်းပေးတယ်။ ဒါကြောင့်လည်း Safari ကို ဖွင့်လိုက်တာနဲ့ တပြိုင်နက် တန်းတွေ့နေရတဲ့ မိုးတိမ်ပုံစံ (iCloud) တပ်ခ်ျကို တန်းနှိပ်လိုက်ရုံနဲ့တင် အရင်က ဖွင့်ခဲ့ဖူးတဲ့ ၀က်ဘရောက်ဆာတွေက တန်းစီ ကျလာပါလိမ့်မယ်။ ဆိုလိုတာက Safari ဟာ ၀က်ပေ့ခ်ျ (web-pages) တွေကို သိမ်းဆည်းပေးတယ်။ အရင်စနစ်မှာ ပါဖူးတဲ့ Reading List ပုံစံလို မဟုတ်ဘူးနော်။ Reading List က လင့်ခ် (Link) သက်သက်ကိုသာ (ဖတ်ရမယ့်စာရင်းထဲ) မှတ်ပေးတယ်။ iCloud Tabs ကျတော့ စာမျက်နှာ တစ်ခုလုံး (ပုံ၊ စာ၊ အသံ) ကို သိမ်းပေးတယ်။ အင်တာနက် ကွန်ရက်နဲ့ ဝေးနေတာတောင် (အင်တာနက် မရတာတောင်) ဖွင့်ဖတ်လို့ ရသေးတယ်။ နောက်ဆန်းသစ်ချက် တစ်ခုကတော့ eBay, Craigslist စတဲ့ အွန်းလိုင်းအယ်လ်ဘမ်မှာ ဓာတ်ပုံ၊ ဗီဒီယိုတွေကို တင်ချင်သပဆိုရင် ဒီနေရာမှာပဲ ဓာတ်ပုံရိုက်၊ ဗီဒီယို မှတ်တမ်းတင်ပြီး တန်းတင်လို့ ရတယ်။ Photo App မှာ သိမ်းထားတဲ့ Camera Roll ကိုတောင် ဖွင့်စရာ မလိုဘူး။ ပြီးတော့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို စကရင်းအပြည့် ရှုစားလိုပါက လှဲချလိုက်ဖို့ကို မမေ့နဲ့ပေါ့။

10. Accessibility
iOS 6 စက်လည်ပတ်မှုစနစ်ဟာ လူတွေရဲ့ အမြင်၊ အကြား၊ အသိ၊ အာရုံ ခံစားမှုအပိုင်း ပိုမိုကောင်းမွန်အောင် ဖန်တီးထားတယ်။ အရည်အချင်း မရှိသေးတဲ့ ကျောင်းသားတွေကို လက်ခံ ကူညီပေးတယ်။ ကျောင်းကြီးကို အထီးကျန်စွာ ငြီးငွေ့နေတဲ့ ကလေးသူငယ်တွေကို ကျေနပ်အားရလာအောင် ဆော်သြပေးပါတယ်။ မိဘ၊ ဆရာ၊ အကြီးအကဲတွေ ခွင့်ပြုတဲ့ အတိုင်းအတာအထိ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားတယ်။ မျက်မမြင်သူတွေ၊ အမြင်အာရုံနည်းသူတွေအတွက် VoiceOver လို လုပ်ဆောက်ချက်ကို ထည့်သွင်းပေးထားတယ်။ မြေပုံစနစ်၊ AssistiveTouch လို့ခေါ်တဲ့ ထိတို့အကူစနစ်၊ Zoom လို့ခေါ်တဲ့ မြည်သံစနစ်တွေနဲ့ ပေါင်းစပ်တီထွင်ခဲ့တာပါ။ ထို့ပြင် အက်ပယ်လ် ထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်ပေါ့တွေဟာ နားမကြားသူအတွက် ရည်ရွယ်ပြီးလည်း အသံပိုင်းဆိုင်ရာကို တုန်ခါသိရှိစနစ်နဲ့ နားလည်နိုင်အောင် အဆင့်မြင့်မြင့် ဖန်တီးထားပါသေးတယ်။