Pages

Ads 468x60px

Labels

Jan 19, 2012

အာဂျန္တာနှင့်ဧလိုရာသို့ တမ်းခြင်း (၂)

မြန်မာပြည်က ကျိုက်ထီးရိုးဘုရားနဲ့ ဆင်တူတဲ့ ဟန်ပန်ကတော့ အထမ်းသမားများ ဖြစ်တယ်။ တောင်ထိပ်သို့ မတက်နိုင်တဲ့ သက်ကြီး ရွယ်အိုသမားများကို သစ်သားခုံနဲ့ ထမ်းပေးခြင်း ဖြစ်တယ်။ ကုလားထိုင်ခြေ လေးဘက်လေးတန်ကို အနေတော် ၀ါးလုံးကြီး ၂-လုံးနဲ့ ကြိုးသိုင်း ချည်နှောင်ထားတယ်

15/ 01/ 2012

ညတုန်းက အတွေးနယ်လွန်လို့ လွယ်လွယ်နဲ့ အိပ်မပျော်ခဲ့လို့လား။ ဒါမှမဟုတ် ခရီးပန်းထားတဲ့အရှိန်ကြောင့် ကုလားသေ ကုလားမော အိပ်ပျော်ခဲ့လို့လား၊ သိပ်တော့ မသေချာ။ နိုးတစ်ဝက် အိပ်မက်နဲ့လား၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့သည်လား၊ သိပ်တော့ မရေရာ။ ဖုန်းမြည်သံ ကြားလိုက်ရမှ အိပ်ရာက ထဖြစ်တော့တယ်။ ဖုန်းကို ထကိုင်လိုက်တော့ မွန်ဘိုင်းမှာ ရှိတဲ့ ဒကာတစ်ဦးက အာဂျန္တာကို ခပ်စောစော သွားဖို့သင့်တဲ့ အကြောင်း လှမ်းပြီး အကြံပေးတာပါ။ တော်သေးတယ်၊ သူက လှမ်းနှိုးလိုက်သလို ဖြစ်လို့။ နာရီကို လှမ်းကြည့်လိုက်တော့ ၇-နာရီတောင်ခွဲနေပါပြီ။ ဘေးနှစ်ဘက်နှစ်ချက်မှာ ရှိတဲ့အခန်းတွေကို သွားဖွင့်ကြည့်တော့ လော့ဂ်ချထားတုန်း ရှိတယ်။ အိပ်ပျော်နေဆဲ သဘောပါပဲ။ မျက်နှာအရင်သစ်၊ သွား အရင်တိုက်ပြီးမှ ဘေးခန်းက တံခါးတွေကို လှမ်းခေါက်လိုက်တယ်။ အားလုံး ကမန်းကတန်း ထလိုက်ကြတယ်။ ၈-နာရီအတိ ဒီက ထွက်မယ်လို့ တပ်လှန့်လိုက်တယ်။ မနက်စောစော ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ဟာ မျက်နှာသစ်သံ၊ ရေချိုးသံ၊ သန့်စင်သံတွေနဲ့ ဆူညံအသက်ဝင်လာတယ်။

အာဂျန္တာကို ရောက်ဖို့ရာ အော်ရန်းဂဗတ်မြို့ကနေ ၂-နာရီနီးပါး ကား မောင်းရဦးမယ်။ မနက် ၉-နာရီတိတိမှာ အာဂျန္တာ လိုဏ်ဂူတော်ကြီးကို စဖွင့်မယ်ဆိုတော့ ဒီကနေ ၇-နာရီအချိန်လောက် ထွက်မှ တော်ကာကျမယ်လေ။ သို့ပေမယ့် အိပ်ရာထ နောက်ကျလို့ ခရီးက ဖင့်သွားရပေပြီ။ ကားဆရာကတော့ ၁-နာရီခွဲနဲ့အရောက် မောင်းပေးမယ်လို့ ကတိပေးလေရဲ့။ နံနက်စာတောင် စားဖို့ အချိန်မပေးနိုင်တော့ဘဲ ကားပေါ် ကတိုက်ကရိုက် တက်၊ တည်းခိုရာ ဟိုတယ်ကနေ တန်းထွက်ကြရတယ်။ ကားဆရာဘက်က တာဝန် ကြေရှာပါတယ်။ သူ ပေးထားတဲ့ ကတိအတိုင်းပါပဲ အာဂျန္တာဂိတ်ဝကို ၉း၃၀ နာရီတိတိ ရောက်ရှိသွားတယ်။ ဂိတ်ဝနားက ဆိုင်တစ်ဆိုင်မှာ မနက်စာ သုံးဆောင်ကြတယ်။ သုံးဆောင်တယ်ဆိုပေမယ့် ဇိမ်ကျကျမဟုတ်ဘဲ စွန်ငှက်သုတ်သလို ခပ်သွက်သွက်နဲ့ စားသောက်လိုက်တာပါ။ တောင်ခြေကနေ အာဂျန္တာလိုဏ်ဂူသို့ ရောက်ဖို့ရာ ၁၅ မိနစ် လောက် နောက်ထပ် ခရီးဆက်ရဦးမယ်။ ကျိုက်ထီးရိုးစေတီတော်လို တောင်ခြေ အတက်လမ်းတွေ မတ်စောက်မနေပေမယ့် ဘုရားဖူး ကားကြီးငယ်များကို တက်ခွင့်မပေးပါ။ အာဂျန္တာ ဂေါပကမှနေ စီစဉ်ပေးတဲ့ ဘတ်(စ်)ကားကြီးများနဲ့သာ လက်မှတ်ဖြတ် စီးနင်းလိုက်ပါခွင့် ရကြပါတယ်။ လိုဏ်ဂူတော်ရဲ့ အတက်လမ်းဝ ရောက်ရှိတဲ့အချိန်ကား မနက် ၁၀ နာရီ ထိုးလုနေပါပြီ။ မနက်ခင်းမှာ အအေးဓာတ်တွေ သင်းနေပေမယ့် အခုလို နေမြင့်လာတဲ့ အချိန်မှာတော့ လေနဲ့အတူ အပူဓာတ်တွေက ကပ်ပါလာပြီ။ ပူပေမယ့် မမှုအား၊ လိုဏ်ဂူတော်သို့ ရောက်ဖို့သာ ဇောအားက ထက်သန်နေကြတယ်မို့လား။

အာဂျန္တာ-ဟာ ချောက်ကမ်းပါးကို ပိုင်းဖြတ်ပြီး ထုဆစ်ထားသည့် ဂူအမျိုးအစားမို့လို့ လိုဏ်ဂူတော် ၀င်ပေါက်ဟာ တောင်ထိပ်မှာ တည်ရှိနေတယ်။ တောင်ထိပ်ပေါ် ရောက်အောင် အရင် လျှောက်တက်ရသေးတယ်။ တောင်ထိပ် တက်လမ်းကို ကျောက်လှေခါးထစ်များနဲ့ တစ်ထစ်ချင်းစီ ပုံဖော် ထုဆစ်ထားသည်။ ဘေးနှစ်ဘက်နှစ်ချက်ကို လက်ရန်းအဖြစ် ကျန်ရစ်နေအောင် အလယ်က ကျောက်ဆောင်ကြီးကိုပဲ လှေကားထစ် ပုံဖော်ထားခြင်း ဖြစ်တယ်။ ဘေးနှစ်ဘက်ကို မူလအတိုင်း ချန်ထားခဲ့သည်။ မြေသားလမ်း မဟုတ်သဖြင့် မြေပြိုမှာကို မကြောက်ရသလို အင်္ဂတေလမ်း မဟုတ်ပြန်သဖြင့် ခြေချော်မှာကိုလည်း မကြောက်ရပေ။ မြန်မာပြည်က ကျိုက်ထီးရိုးဘုရားနဲ့ ဆင်တူတဲ့ ဟန်ပန်ကတော့ အထမ်းသမားများ ဖြစ်တယ်။ တောင်ထိပ်သို့ မတက်နိုင်တဲ့ သက်ကြီး ရွယ်အိုသမားများကို သစ်သားခုံနဲ့ ထမ်းပေးခြင်း ဖြစ်တယ်။ ကုလားထိုင်ခြေ လေးဘက်လေးတန်ကို အနေတော် ၀ါးလုံးကြီး ၂-လုံးနဲ့ ကြိုးသိုင်း ချည်နှောင်ထားတယ်။ ၀ါးလုံးရဲ့ အစွန်လေးဘက်မှာ အထမ်းသမား လေးယောက်က ၀င်ထမ်းတယ်။ အခမဲ့တော့ မဟုတ်ပါ။ အထမ်းခ ပေးရတယ်။ တစ်ယောက်ကို (အထမ်းသမား လေးယောက် ထမ်းတင်ရသဖြင့်) ၆၀၀-ရူပီး ယူသည်ဟု သိရှိရသည်။

အာဂျန္တာလိုဏ်ဂူတော်ကြီးရဲ့ တည်ရှိပုံကတော့ ထူးဆန်းတယ်။ အမြင်လည်း ဆန်းနေတယ်။ ဘယ်နေရာမှာမှ မမြင်ဘူး မတွေ့ဘူးခဲ့ပါ။ ပစောက်ပုံသဏ္ဌာန်လို (လေးကိုင်းသဏ္ဌာန်လည်း ပြောလို့ရတဲ့) ဝေ့၀ိုက်နေတဲ့ ကျောက်သားအတိ ချောက်ကမ်းပါးကို ဖြတ်ချကာ ဂူအဖြစ် တီထွင်ဖန်တီးထားခြင်း ဖြစ်သည်။ ဂူရဲ့ပုံစံကတော့ အခေါင်းမဟုတ်ဘဲ အပိတ်ပဲ ဖြစ်ပါတယ်။ ချောက်ကမ်းပါးရဲ့ ထိပ်နားလေး (လေးချိုးသုံးချိုးလောက်) မှာ ကျောက်ဆောင်ကို ထွင်းဖြတ်ကာ လျှောက်လမ်းအဖြစ် ဖန်တီးထားပြီး လျှောက်လမ်းရဲ့ အတွင်းပိုင်းကို ဘုရားကျောင်းဆောင်၊ ဘုန်းတော်ကြီးကျောင်းဆောင်တွေအဖြစ် ဖောက်ထွင်း ထုဆစ်ထားခြင်းပါ။ မျက်နှာချင်းဆိုင်ရှိ ဟိုဘက်ကျောက်တောင်ကား ၀လုံးကို အလယ်ဖြတ်ထားသလို အာဂျန္တာရဲ့ လိုဏ်ဂူတော်ကြီးကို ဝေ့၀ိုက် ပတ်ထားပြန်တယ်။ သို့မို့လို့ ကျောက်တောင် နှစ်ခုကြားရှိ ချောက်ကမ်းပါး အပေါ်ပိုင်း ပတ်ပတ်လည်တွင် လိုဏ်ဂူတော်ကြီး တည်ရှိပြီး အောက်ခြေ ပတ်ပတ်လည်တွင် စမ်းချောင်းကလေး သွယ်ဝိုက် စီးဆင်းနေတယ်။ လျှောက်လမ်း (သို့မဟုတ်) ၀ရံတာကနေ အောက်ခြေရှိ စမ်းချောင်းလေးကို ငုံ့ကြည့်ပါက အသည်းတယားယားနဲ့ ဘယာနက ရသကို ပေါ်လွင်စေတယ်။

လျှောက်လမ်းတစ်လျှောက်တွင် လိုဏ်ဂူတော်ပေါင်း ၃၀ ရှိတယ်။ သို့ပေမယ့် တစ်ခုကား အပြီးသတ် မတည်ဆောက်နိုင်ခဲ့သဖြင့် ကြည့်ရှု လှည့်လည်နိုင်တဲ့ ဂူပေါင်းကတော့ ၂၉ တိတိပါ။ ၂၉-ဂူထဲတွင် ၁၆ ဂူကတော့ ဂူရဲ့နံရံနဲ့ မျက်နှာကြက်မှာ ရှေးခေတ်ကတည်းက ရေးဆွဲချယ်သခဲ့တဲ့ ပန်းချီးကားများ ကြွင်းကျန်ဆဲဖြစ်ပြီး ၁၃-ဂူကတော့ ပြောင်တလင်းခါ သွားပါပြီ။ ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးသွားတယ်လို့ ယဉ်ကျေးမှုဌာနက ဆိုတယ်။ လက်ရာအမြောက်ဆုံးဖြစ်တဲ့ လိုဏ်ဂူတော် ၅-ခုကိုကား မပျက်စီးအောင် ထိမ်းသိမ်းထားဆဲပါ။ ယင်းတို့မှာ နံပါတ် ၁၊ ၂၊ ၁၆၊ ၁၇ နှင့် ၂၉ တို့ဖြစ်တယ်။ ဒီလိုဏ်ဂူတော် ၅-ဂူကို အမှောင်ချထားပြီး၊ မီးရောင် မစူးရှတဲ့၊ အလင်းလည်း မပြန်နိုင်တဲ့ လျှပ်စစ်မီးနဲ့ ထွန်းထားတယ်။ အချို့နေရာကား မှိန်ပျပျသာ မြင်ရပြီး အချို့နေရာကား လုံးဝ မှောင်နေတယ်။ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် အများစုကို ဓာတ်မီးဖြင့်သာ ထိုးကြည့်ကာ ဖူးမျှော်ရရှာတယ်။ ဓာတ်မီးဖြင့် ကြည့်ရှုခွင့်ပေးသော်လည်း ဖလက်မီးဖြင့် ဓာတ်ပုံ ရိုက်ခွင့်မရှိပါ။ အစောင့်အကြပ် ထူထပ်စွာ ချထားသည်။ အကောင်းတကာ့ အကောင်းဆုံး လက်ရာဖြစ်တဲ့ ဂူနံပါတ် ၁-ကိုတော့ ၀င်ကြည့်ခွင့်ရဖို့ လက်မှတ်အပါအ၀င် အထောက်အထားများ ပြရတယ်။ နိုင်ငံခြားသားများ ဖြစ်ပါက ပတ်စ်ပို့ပါ ပြရပါတယ်။

လိုဏ်ဂူတော်များကို စုံအောင် ကြည့်ရှုပါက အနည်းဆုံး ၂-နာရီလောက် အချိန်ပေးရပါမည်။ စေ့စေ့စပ်စပ် ကြည့်မယ်၊ မှတ်တမ်းဓာတ်ပုံပါ ရိုက်မယ်ဆိုရင် ၃-နာရီကျော် ကြာနိုင်ပါတယ်။ ဂိုက် (ဧည့်လမ်းညွှန်) နဲ့ ရှင်းပြခိုင်းပြီး သမိုင်းအနေနဲ့ လေ့လာပါက တစ်နပ်စာအပြည့် အချိန်ပေးရမှာပါ။ တို့အဖွဲ့ကတော့ ရှေးဟောင်းသုတေသနလို ဃနသေချာစွာ မလေ့လာတော့ဘဲ လက်ရာနဲ့ ပုံသဏ္ဌာန်လောက်ကိုသာ ကြည့်ရှုသဖြင့် အချိန် ၂ နာရီခွဲလောက်သာ သုံးလိုက်တယ်။ မသွားခင်ကတည်းက သမိုင်းကြောင်း အနည်းအကျဉ်းကို တီးမိခေါက်မိနေသဖြင့် အဓိကကျတဲ့ ဂူတော်ကို အသေအချာကြည့်၊ မှတ်တမ်းတင်ပြီး၊ ကျန်သာမန်ဂူများ (ကျောင်းဆောင်လောက်သာ ရှိတဲ့ ဂူတွေ) ကို ခပ်သွက်သွက် ကြည့်လိုက်တယ်။ အပြန်လမ်းမှာမှ လိုဏ်ဂူတော် တောင်ခြေရှိ ဟိုတယ်တစ်ခုတွင် နေ့လည်စာ စားသုံးလိုက်ကြတယ်။ တောင်ခြေမှ အထွက်ကားကို တက်စီးပြီး ဘုရားဖူးကားများ ရပ်တဲ့နေရာကို ပြန်လာကြတယ်။ အမှတ်တရ ၀ယ်ခြမ်းစရာ ရှိသည်များကို နာရီဝက်လောက် အချိန်ဖြုန်းပြီး မွန်းလွဲ ၂-နာရီလောက်တွင် အာဂျန္တာကို နှုတ်ဆက် ခွဲခွါခဲ့ကြပါတယ်။

ကျောက်တောင်ကို ကျောင်းဆောင်အဖြစ် အခန်းဖွဲ့၊ အခန်းကွက်လပ်ကို ဗုဒ္ဓရုပ်ပွားတော်အဖြစ် ထုဆစ်၊ အခန်းထောက် တိုင်လုံးတွေကို လင်းနို့တောင် ဆွဲချ၊ ယက်မတွေကို ကနုတ်ပန်း ထွင်း၊ နံရံနဲ့ အတွင်းပိုင်းကို ဆေးသား ဖျော်၊ ယင်းအပေါ် ဇာတ်နိပါတ်တော်နဲ့ သရုပ်ဖော်... ဒီလို ဘက်စုံ တော်ခဲ့ကြတဲ့ ပန်းတော့၊ ပန်းတမော့၊ ပန်းပု၊ ပန်းချီ ဆရာကြီးများ၊ ရှေးခေတ်က အမွေအနှစ်ပေး အနုပညာသမားတွေကို အံ့သြချီးမွမ်းရင်း အပြန်လမ်းကို တတမ်းတမ်း တမ်းတရင်း အာဂျန္တာနှင့်ဧလိုရာ တမ်းခြင်း ကို နိဂုံးကမ္ပတ် အဆုံးသတ်ပါရစေ…..။

0 comments:

Post a Comment