Pages

Ads 468x60px

Labels

Dec 8, 2012

အိန္ဒိယနိုင်ငံတွင် အိုင်ပက်မီနီကို စတင်ရောင်းချ



အက်ပယ်လ်ကုမ္ပဏီထုတ် သင်ပုန်းအမျိုးအစားဖြစ်တဲ့ အိုင်ပက်မီနီ (iPad Mini) နဲ့ စတုတ္ထမျိုးဆက် အိုင်ပက် (iPad Fourth Generation) တို့ကို မနေ့က (7-12-2012) သောကြာနေ့မှာ တရားဝင်ဈေးနှုန်း သတ်မှတ်ပြီး စတင်ရောင်းချတော့မယ်လို့ NDTV က ကြေညာလိုက်ပါတယ်။

1.iPad mini
၁၆-ဂျီဘီဆန့် အိုင်ပက်မီနီ (iPad Mini) ကို ၂၁၉၀၀ (နှစ်သောင်းတစ်ထောင်ကိုးရာ) ရူပီးနဲ့ စတင်ရောင်းချပါ့မယ်လို့ သိရှိရပါတယ်။ သိုလှောင်မှုပမာဏအရ တစ်ဆင့်ချင်းဆီကို ရူပီး ၆၀၀၀ (ခြောက်ထောင်) နဲ့ လည်းကောင်း၊ ဆယ်လူလာ (စင်းကဒ်ပါတဲ့) မိုဒယ်အတွက် နောက်ထပ် ၈၀၀၀ (ရှစ်ထောင်) ဖိုးလည်းကောင်း ထပ်ပေါင်းသွားမယ်လို့ ကြေညာထားပါတယ်။

သို့ဖြင့် အိုင်ပက်မီနီ (iPad Mini) ရဲ့ ဈေးနှုန်းကို အောက်ပါအတိုင်း ဖြစ်သွားပါမယ်-
ဝိုင်ဖိုင် (Wi-Fi) သက်သက် ဈေးနှုန်း
၁၆-ဂျီဘီ= ၂၁၉၀၀ ရူပီး
၃၂-ဂျီဘီ= ၂၇၉၀၀ ရူပီး
၆၄-ဂျီဘီ= ၃၃၉၀၀ ရူပီး

ဝိုင်ဖိုင် နဲ့ ဆယ်လူလာ (Wi-Fi + Cellular) ဈေးနှုန်း
၁၆-ဂျီဘီ= ၂၉၉၀၀ ရူပီး
၃၂-ဂျီဘီ= ၃၅၉၀၀ ရူပီး
၆၄-ဂျီဘီ= ၄၁၉၀၀ ရူပီး
(မှတ်ချက်။ ကနေ့ပေါက်ဈေးအရ အိန္ဒိယရူပီး ၅၄.၅၇ ကို ၁-ဒေါ်လာနဲ့ ညီမျှပါတယ်။)

1.1.iPad mini ရဲ့ အရွယ်အစား
အိုင်ပက်မီနီ (iPad mini) ရဲ့ ထောင့်ဖြတ်ဆိုက်က ၇ ဒသမ ၉ လက်မပါ။
အိုင်ပက်မီနီ (iPad mini) ရဲ့ တိကျတဲ့ အရွယ်အစားမှာ-
အမြင့် = ၇.၈၇ လက်မ (၂၀၀ မီလီမီတာ)
အလျား = ၅.၃ လက်မ (၁၃၄.၇ မီလီမီတာ)
ဗျက် (အထူ) = ၀.၂၈ လက်မ (၇.၂ မီလီမီတာ တမတ်အထူ)
အလေးချိန် = ၀.၆၈ ပေါင် (၃၀၈-ဂရမ်) (၀ိုင်ဖိုင်- အိုင်ပက်မီနီ)
အလေးချိန် = ၀.၆၉ ပေါင် (၃၁၂-ဂရမ်) (၀ိုင်ဖိုင်+ဆယ်လူလာ အိုင်ပက်မီနီ)

1.2.iPad mini ရဲ့ အရည်အသွေး
အိုင်ပက်မီနီ (iPad mini) ရဲ့ ရုပ်ပြအရည်အသွေးကတော့ အိုင်ပက်-၂ အတိုင်းပါပဲ။ ၁၀၂၄ x ၇၆၈ မီဂါပစ်ဇယ်လ်ပါ။ အိုင်ပက်-၃ လို မြင်ကြည်လွှာ (Retina) မပါဘူး။ ချပ်စ်က အိုင်ပက်-၂ အတိုင်း Dual-core A5 ပြန်သုံးထားတယ်။ ဓာတ်ပုံရိုက်တဲ့ ကင်မရာကိုတော့  အိုင်ပက်-၃ လို 5MP မြှင့်ထားတယ်။


ဆယ်လူလာ (3-G/4G) အတွက် နာနိုဆင်းကဒ် (Nano-SIM) ကို ပြောင်းသုံးထားသလို၊ ပါဝါ / ဒေတာအတွက်လည်း အပြားသေးတဲ့ လိုက်နင်း (Lightning) ကို ပြောင်းသုံးထားပြန်တယ်။ ပြီးတော့ အသံစနစ် (Siri) ထည့်သွင်းပေးထားတယ်။

အိုင်ပက်မီနီ (iPad mini) ၀ိုင်ဖိုင်သက်သက်ကို နိုဝင်ဘာလ ၂-ရက်နေ့ကတည်းက နည်းပညာ အားကြီးတဲ့ နိုင်ငံတွေမှာ စတင်ရောင်းချခဲ့သည့်အတွက် အိန္ဒိယက ၅-ပတ် နောက်ကျပါတယ်။

2. iPad with Retina (iPad-4)
မြင်ကြည်လွှာပါ အိုင်ပက်၊ စတုတ္ထမျိုးဆက် အိုက်ပက်၊ အိုင်ပက်-ဖိုး ဘယ်လိုပဲခေါ်ခေါ်  နောက်ထုတ် အိုင်ပက် (iPad 4) ကို ၃၁၉၀၀ ရူပီးကနေ စတင်ရောင်းချမှာ ဖြစ်ပြီး သိုလှောင်မှုပမာဏအရ တစ်ဆင့်ချင်းဆီကို ရူပီး ၆၀၀၀ (ခြောက်ထောင်) နဲ့ လည်းကောင်း၊ ဆယ်လူလာ (စင်းကဒ်ပါတဲ့) မိုဒယ်အတွက် နောက်ထပ် ၈၀၀၀ (ရှစ်ထောင်) ဖိုးလည်းကောင်း (မီနီအိုင်ပက်အတိုင်း) ထပ်ပေါင်းသွားမယ်လို့ သတ်မှတ်ထားပါတယ်။


ယင်းကြောင့် အိုင်ပက်-ဖိုး(iPad 4) ရဲ့ ဈေးနှုန်းကို အောက်ပါအတိုင်း ဖြစ်သွားပါမယ်-
ဝိုင်ဖိုင် (Wi-Fi) သက်သက်
၁၆-ဂျီဘီ= ၃၁၉၀၀ ရူပီး
၃၂-ဂျီဘီ= ၃၇၉၀၀ ရူပီး
၆၄-ဂျီဘီ= ၄၃၉၀၀ ရူပီး

ဝိုင်ဖိုင် နဲ့ ဆယ်လူလာ (Wi-Fi + Cellular)
၁၆-ဂျီဘီ= ၃၉၉၀၀ ရူပီး
၃၂-ဂျီဘီ= ၄၅၉၀၀ ရူပီး
၆၄-ဂျီဘီ= ၅၁၉၀၀ ရူပီး

အိုင်ပက်-၄ ဟာ ပုံမှန် အရွယ်အစားဖြစ်တဲ့ ထောင့်ဖြတ် ၉.၇ လက်မနဲ့ ထုတ်လုပ်ထားပြီး၊ စတုတ္ထမျိုးဆက် မြင်ကြည်လွှာပါ iPad with Retina (Fourth Generation) လို့ နာမည် ပေးထားတယ်။ ဒီ iPad with Retina ကိုတော့ မတ်ခ်ျလတုန်းက ထုတ်လုပ်ရောင်းချခဲ့တဲ့ The New iPad (iPad-3) နဲ့ အနည်းငယ်ပဲ ထူးခြားချက် ရှိပါတယ်။

iPad with Retina (iPad-4) ရဲ့ ထူးခြားချက်များ-
၁။ ချပ်စ် = Dual-core A6X (quad-core graphics ပါဝင်တယ်)
၂။ လိုက်နင်း (Lightning) ပါဝါ / ဒေတာ ကြိုးပေါက်
အိုင်ပက်-၃ က Dual-core A5X သုံးထားတယ်။ ဒါကြောင့် အိုင်ပက်-၄ ဟာ အိုင်ပက် -၃ ထက် ၂-ဆ မြန်တယ်လို့ ပြောတယ်။ ကျန်တဲ့ အသေးစိတ် အချက်အလက် အားလုံးနီးပါးက ထပ်တူထပ်မျှပါပဲ။ ဆင်းကဒ်ကိုလည်း အိုင်ပက်-၃ လိုပဲ Micro-SIM ကို ပြန်သုံးထားတယ်။

မှီငြမ်း-

Dec 4, 2012

၂၀၁၂ ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်း ၅ လုံး




မကြာမီ ခရစ်နှစ် တစ်နှစ် ပြန်လည်ပြီး ကုန်ဆုံးပါတော့မည်။ နှစ်ကုန်လ ဖြစ်တဲ့ ဒီဇင်ဘာဟာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် ဖြစ်သဖြင့် ပြည်သူများ အားလပ်ရက် ရကြသည်။ ဒီအားလပ်ရက်မှာ အလဟဿ မဖြစ်အောင် တစ်မျိုးမျိုးဖြင့် အသုံးချကြသည်။ အနီးအဝေး အပန်းဖြေခရီး ထွက်ကြသူများ ရှိသလို ဈေးဝယ်ထွက်ကြသူများလည်း ရှိတယ်။ ဈေးဝယ်ထွက်တာကိုပဲ အပန်းဖြေခြင်း တစ်မျိုးလို့ ခံယူထားတဲ့သူတွေလည်း အများသားလား။
နှစ်ကူးခါနီးကာလမှာ ဈေးဝယ် (ရှော့ပင်းမောလ်) ထွက်တာ အတန်ဆုံးလို့ ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ တစ်နှစ်တာ ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းမျိုးစုံ၊ လူ့အသုံးအဆောင် မျိုးစုံတို့ကို ဈေးဆိုင်၊ မောလ်၊ ပလာဇာတွေကအတန်အသင့် ဈေးနှုန်းချကာ လျှော့ဈေးနဲ့ ရောင်းချကြတယ်။ ၀ယ်ယူသုံးစွဲသူများကလည်း ဈေးနှုန်းအသင့်တင့်လည်းဖြစ်၊ မိမိစိတ်ကြိုက်လည်း ဖြစ်သည့် ထုတ်ကုန်မျိုးစုံတို့ကို လျှော့ဈေးပေါ် မူတည်ပြီး အလုအယက် ၀ယ်ယူကြသည်။
အလုအယက် ၀ယ်ယူကြတဲ့ ထုတ်ကုန်ပစ္စည်းတွေထဲမှာ မိုဘိုင်းဖုန်းလည်း ပါဝင်ပါတယ်။ ဒီမိုဘိုင်းဖုန်းလောကထဲကမှ စမတ်အကျဆုံးဖြစ်တဲ့ အကောင်းဆုံး စမတ်ဖုန်း ၅ လုံးကို ရွေးချယ် တင်ပြလိုက်ပါတယ်။ Top 5 smartphones ပေါ့။ ၂၀၁၂ တစ်နှစ်တာ ကာလအတွင်း ထုတ်လုပ်ခဲ့သည့် အကောင်းဆုံး စမတ်ဖုန်း ၅ လုံးကို ရွေးချယ်တာ မခက်ခဲပေမယ့် ဘယ်စမတ်ဖုန်းက သုံးစွဲသူ အများဆုံး ဖြစ်ပြီး ထိပ်ဆုံးနေရာ ရယူထားတယ် ဆိုတာကိုတော့ ရွေးချယ်ဖို့ ခက်ပါတယ်။ နံပါတ်အစီအစဉ် ချဖို့ မလွယ်ပါ။ ဒါကြောင့်လည်း zdnet ၀က်ဆိုက်ရဲ့ ဆောင်းပါးရှင် မက်ထရူးမီလာ ကောက်နှုတ်ထားသည့် စမတ်ဖုန်း ၅ လုံး အစီအစဉ်ကိုပဲ တန်းစီ ဖော်ပြလိုက်ပါတယ်။
ဒီအားလပ်ရက်ကာလမှာ ထုတ်လုပ်ရောင်းချနေသည့် စမတ်ဖုန်းက အများကြီးပါ။ ဒါကြောင့်လည်း ဈေးနှုန်းလည်း သင့်၊ သုံးစွဲလည်းကောင်းတဲ့ စမတ်ဖုန်း ၁ လုံးကို ပိုင်ဆိုင်ဖို့ရာ အတော်ကြီးကို စဉ်းစား ရွေးချယ် ၀ယ်ယူရပါတယ်။ စက်လည်ပတ်မှုစနစ်မှာတင် အိုင်အိုအက်စ်၊ အန်ဒရွိုက်၊ ၀င်းဒိုး ဆိုပြီး ၃ မျိုးတောင် ကွဲသေးတယ်။ ဒီအထဲက စိတ်ကြိုက် တစ်မျိုးမျိုးကို အရင်ရွေးချယ်ပြီးမှ စမတ်ဖုန်း ၁ လုံးကို ၀ယ်ယူရမှာ။ အ၀ယ်မမှားဖို့အရေး ဒီဆောင်းပါးက အထောက်အကူ ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။
၁။ အက်ပယ်လ်ရဲ့ အိုင်ဖုန်းဖိုက် (iPhone 5)
အက်ပယ်လ်ကုမ္ဗဏီက အိုင်ဖုန်း-ဖိုးအက်စ် (iPhone4s) ကနေ အသွင်အပြင် ဒီဇိုင်းကော စွမ်းဆောင်ရည်ကိုပါ ပြင်ဆင်ဖြည့်စွက်ထားသည့် အိုင်ဖုန်း-ဖိုက် (iPhone5) ကို ထုတ်လုပ်ခဲ့တယ်။ ဒီဖုန်းကိုတော့ ဖုန်းလောကထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံး စမတ်ဖုန်း ၁ လုံးလို့ သတ်မှတ်ကြတယ်။ ဈေးနှုန်း မချိုပေမယ့် သုံးစွဲသူကိုတော့ ကျေနပ်နှစ်သိမ့်မှု အပြည့်အ၀ ပေးနိုင်စွမ်း ရှိပါတယ်။ ကောင်းမွန်တဲ့ ကင်မရာ၊ ရွေးချယ်စရာ အများအပြားရှိတဲ့ အသုံးချအပ်ပ် (Apps)၊ တကယ့်ကိုစမတ်ကျလှတဲ့ စမတ်ဖုန်းပါ။
ဖုန်းကို မောင်းနှင်ထားတဲ့ အိုင်အိုအက်စ်-ဆစ် (iOS 6) ကလည်း နောက်ဆုံးနည်းပညာကို အများကြီး ထည့်သွင်းပေးထားတယ်။ ကြိုးမဲ့ အားသွင်းစနစ် မပါတာက လွဲရင်ပေါ့။အကောင်းဆုံး လုပ်ဆောင်ချက်တွေ အများကြီး ပါဝင်တယ်။ သို့မို့လည်း ထွက်သမျှမိုဘိုင်းထဲမှာ ဧကရာဇ်တစ်ပါးလို ကြီးစိုးနေတာပေါ့။ ငွေကြေး တတ်နိုင်တဲ့ လူတိုင်းက ဘယ်ဖုန်းဝယ်ရမလဲလို့ မေးလာရင် အိုင်ဖုန်းဖိုက်ကိုပဲ စာရေးသူ အမြဲ ညွှန်းလေ့ရှိတယ်။

ပထမအသုတ်အဖြစ် ရောင်းချခဲ့တဲ့ နိုင်ငံကြီးတွေမှာ လော့ဂ်ဖုန်းအတွက် တီ-မိုဘိုင်း ဆင်းကဒ်ကလွဲရင် ကျန်တဲ့ ဖုန်းဝန်ဆောင်မှု ကုမ္ဗဏီတိုင်းလိုလိုက အိုင်ဖုန်းဖိုက် (iPhone 5) ကို ၀န်ဆောင်မှု ပေးနေပါတယ်။ အသုံးပြုတဲ့ ဆင်းကဒ်က မိုက်ခရိုထက် သေးငယ်တဲ့ နာနိုဆင်းကဒ် ဖြစ်ပေမယ့် အန်လော့ဂ်ဖုန်းဝန်ဆောင်မှု ပေးတဲ့ ကုမ္ဗဏီတွေက အသုံးပြုလို့ ရအောင် ပြင်ဆင်ပေးပါတယ်။ ဖိုး-ဂျီ အသုံးပြုဖို့ အဆင်ပြေတဲ့အတွက် အင်တာနက် မြန်နှုန်းမြင့်ကို အသုံးပြုနိုင်မှာပါ။ တူး-ဂျီ၊ အက်ဂ်ျ ရိုးရိုးလိုင်းတောင် ဆွဲအားကောင်းမွန်လှပါတယ်။

၂။ ဆမ်ဆောင်း ဂလက်ဇီနုတ်-၂ (Samsung Galaxy Note II)
တီ-မိုဘိုင်ရဲ့ ဆင်းကဒ်နဲ့ အသုံးပြုတဲ့ ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီး (Samsung Galaxy S III) က အကောင်းဆုံးလို့ ထင်ရပေမယ့် တကယ့်တမ်းကျတော့ ဆမ်ဆောင်းဂလက်ဇီ နုတ်-၂ (Galaxy Note II) ကို မမီသေးဘူး။စမတ်ဖုန်း အသုံးပြုသူတွေရဲ့ ကောက်နုတ်စုဆောင်းထားတဲ့ အချက်အလက်အရ T-Mobile ဆင်းကဒ်ကို အသုံးပြုတဲ့ စမတ်ဖုန်းထဲမှာ ဘယ်မိုဘိုင်းဖုန်းကမှ ဆမ်ဆောင်းဂလက်ဇီ နုတ်-၂ (Galaxy Note II) ကို လိုက်မမီဘူးတဲ့။ ဒါပေမယ့် ဂလက်ဇီ နုတ်-၂ (Galaxy Note II) က ဖုန်းအရွယ်အစားအနေနဲ့ ပြောရရင် အနည်းငယ်ကြီးနေသလို ဈေးနှုန်းကလည်း ခေါင်းခိုက်နေပါတယ်။ သာမန်လက်လုပ်လက်စား မ၀ယ်နိုင်တဲ့အဆင့်ပါ။ သတင်းအချက်အလက် ဦးစားပေး သုံးစွဲလိုသူအတွက် အကောင်းဆုံး စမတ်ဖုန်းပါ။ အရွယ်အစားကြီးလို့ ဖုန်း+သင်ပုန်း ၂-မျိုးလုံး သုံးချင်သူအတွက်တော့ ကွက်တိပါပဲ။ ဖုန်းလို တစ်မျိုး၊ သင်ပုန်းလို တစ်မျိုး သုံးလို့ရတာပေါ့။

ဂလက်ဇီ နုတ်-၂ (Galaxy Note II)ဟာ ဆုံးခန်း မတိုင်နိုင်တဲ့ ဖုန်းနည်းပညာကို ကန့်သတ်ချက်တစ်ခု တွန်းပေးလိုက်သလိုပါပဲ။ ယနေ့ထုတ်လုပ်ခဲ့သည့် အန်ဒရွိုက်စမတ်ဖုန်းထဲမှာ အမြင့်ဆုံး ကတ်သန့်ချက်ရှိတဲ့ စမတ်ဖုန်းပါ။ စက်လည်ပတ်မှုစနစ်က Android 4.1 Jelly Bean၊ စီပီယူက 1.6 GHz quad-core၊မမ်မိုရီ 2GB၊ စကရင်းအရွယ်အစား 5.5-လက်မ၊ ရုပ်ပြအရည်အသွေးက Super AMOLED HD၊ ဓာတ်ပုံ-ကင်မရာက 8 megapixel, ၀က်ကမ်-ကင်မရာက 1.9 megapixel၊ အတွင်းသိုလှောင်နိုင်မှုပမာဏ 16GB ဖြစ်ပြီး၊ အပြင်က ကဒ်တွေကို 64GB အထိ စိုက်ထည့်လို့ ရပါတယ်။ ဘလူးတုတ်(စ်) အပါအ၀င်ပါပဲ။
ဆမ်ဆောင်းကုမ္ဗဏီ ကိုယ်တိုင်ကပဲ ဖြစ်ဖြစ်၊ အခြားဖုန်းကုမ္ဗဏီတစ်ခုက ပဲဖြစ်ဖြစ် ထုတ်လုပ်ခဲ့သမျှ စမတ်ဖုန်းထဲမှာ လောလောဆယ် အနေအထားအရတော့ နုတ်-၂ (Note II) ကို ဘယ်သူကကမှ လိုက်မမီသေးဘူး။
ဒီနှစ် ထုတ်တဲ့ ဂလက်ဇီ နုတ်-၂ (Galaxy Note II) ထဲမှာ အသုံးဝင်ဆုံး ကိရိယာ တစ်ခုကို ပြပါဆိုရင် အက်စ်ပေါ်ပင်(S Pen) ကိုပင် ညွှန်းရးမည်သာ။ နုတ်-၁ တုန်းကထက် အသုံးလည်း ၀င်တယ်။ တန်ဖိုးလည်းရှိတဲ့ အက်စ်ပေါ်ပင်ပါ။ ပေါ်ပင်နဲ့ အသုံးပြုရတဲ့ ဆော့ပ်ဝဲလ်အချို့ကို တိုးချုဲ့ တီထွင်ထားတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဥပမာအားဖြင့် Air View ဆိုပါစို့၊ ဒီအဲယားဗျူးက ရွေးလိုက်တာနဲ့ မာတိကာအစဉ်မှာ ရှိနေတဲ့ ဘယ်အရာကိုမဆို ပေါ်ပင်နဲ့ တို့ထိလိုက်ရုံလေး မိမိလုပ်လိုသည့်ပရိုဂရမ်တစ်ခု အလိုလို လုပ်ဆောင်ပေးနေပြီပေါ့။ Smart Gestures, Quick Glance နဲ့ Smart Stay တို့ကိုလည်း ပေါ်ပင်နဲ့ အသုံးပြုရင် ပိုထူးလာသလို ပိုလည်း ကောင်းမွန်စွာ အသုံးပြုလာနိုင်တယ်။
၃။ ဆမ်ဆောင်း ဂလက်ဇီ အက်စ်-၃ (Samsung Galaxy S III)
ဂလက်ဇီ အက်စ်-၃ (Galaxy S III) ဟာ အန်ဒရွိုက် စမတ်ဖုန်းလောကကို ကြီးစိုးနေတုန်းပါပဲ။ ၀ါယာလက် ၀န်ဆောင်မှုပေးတဲ့ ဖုန်းထဲမှာ အက်စ်-၃ (S III) က အမေရိကန်ရဲ့ အကြီးဆုံး ဈေးကွက်ကို ရယူထားတယ်။ အက်စ်-၃ ရဲ့ အရည်အသွေးမြင့် နည်းပညာတစ်ချို့ နုတ်-၂ (Note-2) မှာ ပြင်ဆင်ထည့်သွင်း အသုံးပြုထားပေမယ့် S III ကတော့ ပန်းပန်လျှက်ပဲ။ ကြည့်လေ ဓာတ်ပုံ အကောင်းစားကို ရိုက်ကူးနိုင်တဲ့ ကင်မရာ ရှိတယ်။ ပြီးတော့ စကားပြော ဖုန်းခွက် အဖြစ်ကော၊ အချက်အလက်တွေကို ဖန်တီးရယူလွှဲပြောင်းတဲ့ စက်အဖြစ်အကော ၂-မျိုးလုံး အသုံးဝင်တယ်။

ထောင့်ဖြတ် ၅-လက်မနီးပါး ရှိတဲ့ Super AMOLED စကရင်းကြောင့် ဂလက်ဇီ အက်စ်-၃ (Galaxy S III) ဟာ ရုပ်သံတွေကို ညက်ညောစေပြီး၊ စကရင်း ကြီးနေပေမယ့် လက်ထဲမှာ ကိုင်တွယ်တဲ့အခါ ကြီးမှန်းမသိတဲ့ အရသာကိုလည်း ခံစားရမှာပါ။ အန်ဒရွိုက်နဲ့ ဆမ်ဆောင်းတို့ရဲ့ ပူပေါင်းမှုကြောင့် အွန်းလိုင်းမှာ အခမဲ့ဖြစ်ဖြစ်၊ ဈေးနှုန်းအနည်းငယ် ပေးရုံဖြင့် သီးချင်းတွေ၊ ရုပ်ရှင်တွေကို မနားတမ်း နားထောင် ကြည့်ရှုနိုင်ပါတယ်။

၎။ အိတ်စ်တီစီ အိတ်စ်အက် (HTC 8X)
HTC 8X ကို Windows-8 စက်လည်ပတ်မှုစနစ်နဲ့ မောင်းနှင်ထားတယ်။ ပြီးခဲ့တဲ့လ (နိုဝင်ဘာလ) ကမှ အမေရိကန်တွင် စတင် ရောင်းချခဲ့တာပါ။ စမတ်ဖုန်းထဲမှာ ဒီဇိုင်း အလှဆုံးလို့ ပြောနိုင်တယ်။ ချောမွေ့တောက်ပြောင်နေတဲ့ အသွင်အပြင်၊ ရဲတောက်နေတဲ့ အရောင်၊ ကျစ်လစ်တဲ့ ဖွဲ့စည်းမှုတွေကြောင့် ထွက်သမျှ စမတ်ဖုန်းထဲမှာ ဒီဇိုင်းအမိုက်ဆုံးလို့ သတ်မှတ်နိုင်တယ်။ ထောင့်ဖြတ် ၄ လက်မခွဲနီးပါး ရှိတဲ့ စကရင်းမှာ 720x1280 မီဂါပစ်ဇယ်လ် အရည်အသွေးနဲ့ဆိုတော့ ရုပ်သံ ကြည်လင်ပြတ်သားမှာ အနှိုင်းမဲ့ပါ။
HTC ဟာ အသံပိုင်းဆိုင်ရာကိုလည်း ပြင်ဆင်ထားပါတယ်။ သီချင်း နားထောင်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့ စကားစမြည် ပြောတဲ့အခါ (ချက်တင် ၀င်တဲ့အခါ) အသံကြည်လင်မှု၊ အသံ အတိုးအလျှော့ စတာတွေကို နားကြပ် (မိုက်ခရိုဖုန်း) နဲ့တင် ပြင်ဆင်လို့ ရပါတယ်။ ၀က်ကမ်-ကင်မရာကိုတော့ 2.1 megapixel နဲ့ သုံးထားတယ်ဆိုတော့ ဒီကင်မရာနဲ့တောင် အကောင်းစား ဓာတ်ပုံ ရိုက်လို့ ရပါတယ်။
Windows 8 နဲ့ မောင်းနှင်ထားတဲ့ ဖုန်းမို့လို့ ထင်ပါ့၊ အရင်Windows 7 နဲ့ မောင်းနှင်ထားတဲ့ ဖုန်းတွေထက် အများကြီး သာတယ်။ စက်လည်ပတ်မှုစနစ် မြန်တယ်။ အတို့အထိတွေ သွက်လက်တယ်။ ထွက်သမျှ ၀င်းဒိုးဖုန်းထဲမှာ ဒီထက်ကောင်းတာ ရှာလို့ မတွေ့သေးဘူးဆိုတာ ၀န်ခံရပါမယ်။ ကစ်ကော်နာလို့ ခေါ်တဲ့ လုပ်ဆောင်ချက် တစ်ခုကိုလည်း အတွေးကောင်းကောင်းနဲ့ တီထွင်ထားတယ်။ မိမိရဲ့ဖုန်းကို ကလေးတွေ ကိုင်တွယ်တဲ့အခါမှာ မိမိကို အသိပေးတဲ့ လုပ်ဆောင်ချက်ပါ။ ဈေးနှုန်းကလည်း ချိုသာလွန်းပါတယ်။ အမေရိကန် လော့ဂ်ဖုန်းတွေအတွက် အမေရိကန်ဒေါ်လာ ၁၅၀ ထဲပါ။
၅။ နိုကီယာ လူမီယာ-၉၂၀ (Nokia Lumia 920)
ဝင်းဒိုးဖုန်းကို နိုကီယာက စတင်ခဲ့တာပါ။ လူမီယာ နာမည်နဲ့ပေါ့။ လူမီယာ စီးရီးများစွာ ထွက်လာခဲ့တယ်။ အခုနောက်ဆုံးပေါ်က Nokia Lumia 920 ဖုန်းပါ။ ဒီဖုန်းဟာ Lumia 900 ကို အခြေခံပြီး ပြင်ဆင်ဖြည့်စွက်ထားတဲ့ စမတ်ဖုန်းလို့ ပြောကြတယ်။ ကံမကောင်း အကြောင်းမလှစွာ အိုင်ဖုန်းလိုပဲ AT&T မိုဘိုင်းဝန်ဆောင်မှုနဲ့ပဲ သီးသန့် စာချုပ် ချုပ်ထားတယ်။ ဒါကြောင့် အခြားဆင်းကဒ် သုံးလိုတဲ့လူတွေအတွက် ဝေးဝေးကနေ ရှောင်ရမယ့်ဖုန်း ဖြစ်နေတယ်။
အတွင်းပိုင်းဆိုင်ရာ ဆော့ပ်ဝဲလ်တွေနဲ့ပတ်သက်ရင် Lumia 920 က HTC 8X ထက် အများကြီး ကောင်းမွန်တယ်လို့ သုံးသပ်နေကြတယ်။ အရောင်အသွေး စုံလင်ခြင်း၊ ကြည်လင်တောက်ပခြင်း အစစ အရာရာ ကွာခြားတယ်လို့ သုံးစွဲတဲ့သူတွေက ကောက်ချက်ချကြတယ်။
နိုကီယာရဲ့ မူအတိုင်း ရုပ်ပိုင်းဆိုင်ရာကိုတော့ အမြဲတန်း ရှယ်ဖြစ်အောင် ဦးစားပေး လုပ်ဆောင်ထားပါတယ်။ အလင်းတွေ တောက်ပ မနေအောင်၊ မျက်စေ့ထဲ စူးရှ မနေအောင် ဖန်တီးပေးထားတယ်။ ကင်မရာရဲ့ မှန်ဘီလူးကို ချိန်ဆနိုင်အောင် အပိုလုပ်ဆောင်ချက် ထည့်သွင်းပေးထားတယ်။ ကြိုးမဲ့ အားသွင်းစနစ်၊ ရှာဖွေလို့ရတဲ့ အသံပိုင်းစနစ်၊ သီချင်း ရေစီးကြောင်းတွေလည်း ထည့်သွင်းပေးထားတယ်။ ၀င်းဒိုးဖုန်းတွေထဲမှာတော့ ဘုရာတစ်ဆူလို မင်းမူနေမှာ အသေအချာပဲ။ လော့ဂ်ဖုန်းတွေအတွက် သီးသန့်လိုင်း ယူထားတာကိုပဲ အပြစ်ပြောရမယ်။ အန်လော့ဂ်ဖုန်းတွေဆိုရင်တော့ ချွင်းချက်မရှိ ပြီးပြည့်စုံတဲ့ ၀င်းဒိုးဖုန်းလို့ပဲ သတ်မှတ်ရမှာပါ။
အများရဲ့ စိတ်ကြိုက် ရွေးချယ် ၀ယ်ယူ အသုံးပြုနေတဲ့ အကောင်းဆုံး စမတ်ဖုန်း ၅-လုံးကိုတော့ ဖော်ပြပေးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဆောင်းပါးဖတ်သူ သင်က ကြိုက်ချင်မှ ကြိုက်မှာပါ။ သင့်စိတ်ကြိုက် စမတ်ဖုန်း တစ်မျိုးမျိုးကိုလည်း ရွေးဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် ၀ယ်ယူတော့မယ့် စမတ်ဖုန်းရဲ့အကြောင်းကို နည်းနည်းလေးဖြစ်ဖြစ် လေ့လာသင့်ကြောင်းပါ။
မှီငြမ်း-

http://www.zdnet.com/top-5-smartphones-for-the-holiday-season-7000006858/

Nov 15, 2012

ထွက်ဖြစ်/ မဖြစ်တဲ့ ခရီးစဉ်တစ်ခု

ဒီကနေ့ (13-11-2012) ခရီးထွက်ဖြစ်တယ်။
ခရီးထွက်ဖြစ်တယ်လို့ နာမည်တပ်ရတာက အကြောင်းမဲ့တော့ မဟုတ်ပါ။ ဒီခရီးနှင့် ပတ်သက်ပြီး ခရီးထွက်ဖြစ် / မဖြစ် လနှင့်ချီပြီးမှ ဆုံးဖြတ်ခဲ့ရတာပါ။ မထွက်ရင်လည်း ဖြစ်တဲ့ ခရီးပါ။ ဒါပေမယ့် ထွက်ဖြစ်မှ ပြီးပြည့်စုံတဲ့ ခရီး ပေါ့။ ဒီလိုပဲ တေးကျော့ရလေမလားပဲ။

ရှုပ်များ သွားပလား။ ရှင်းပြပါ့မယ်။ စာရေးသူက သုတေသနဘွဲ့အတွက် မွန်းဘိုင်မြို့မှာ နေထိုင်ပြီး၊ မွန်းဘိုင်းတက္ကသိုလ်ကနေ ကျမ်းပြုနေတာ လေးနှစ်ပြည့်တော့မယ်။ သူငယ်ချင်းက မော်လမြိုင်မြို့က အထင်ကရ စာသင်တိုက်တစ်တိုက်မှာ နှစ်လရှည်ကြာ စာချပေးနေတဲ့သူ။ ဒီအထိတော့ ဘာမှလည်း ထူးမခြားသေးပါဘူး။ အဲ ထူးတာက ဘာအကြံတွေပေါက်လို့ ဘယ်လိုအတွေးရောက်သလဲတော့ မသိပါ။ သူငယ်ချင်းက ဒီနှစ် သူနဲ့နီးစပ်ရာ ဒကာ ဒကာမတွေကော၊ သူရဲ့ဆွေတော် မျိုးတော်တွေကိုကော ဗုဒ္ဓဂယာ ဘုရားဖူး လိုက်ပို့ချင်လို့ သင်္ကြန်ကတည်းက စာရင်းသွင်းထားတယ်တဲ့။ အခုတော့ ဘုရားဖူး သွားရမည့်အလှည့် ရောက်လာပါပြီတဲ့။ စလာပါပြီ ဇာတ်ကွက်က။

သူ့နှင့်အတူ လိုက်ပါလာတဲ့ အဖွဲ့သူအဖွဲ့သားများရဲ့ စာရင်းအရတော့ မိမိနှင့် တစ်နည်းတစ်ဖုံ ပတ်သက်တဲ့သူချည်းပါပဲ။ သူ့ဆရာ ကိုယ့်ဆရာ၊ သူ့ဒကာ ကိုယ့်ဒကာပေါ့။ သူ့ရဲ့ ဘုရားဖူးခရီးစဉ်မှာ စာရေးသူကိုလည်း အဖော်အဖြစ် လိုက်ပါစေချင်တယ်။ ဒါမှ ဒီခရီးဟာ သူ့အတွက် ပိုပြီး အားရသလို တိုး၍လည်း ပျော်စရာကောင်းမှာပါ။ ဒီခရီးက သူ့အတွက် စိမ်းမနေသလို (သုံးခေါက်မြောက် ထင်ပါ့) စာရေးသူအတွက်လည်း သုံးလေးခါက်ထက် မနည်း သွားဖူးတဲ့ ခရီးပါ။ သက်သက် ရောင်းရင်းတွေ စုံစုံလင်လင်နဲ့ ဘုရားဖူးချင်တဲ့ ဆန္ဒကလွဲရင် အခြားအကြောင်း မရှိတန်ကောင်းပါဘူး။ ဒါကြောင့်လည်း စာရေးသူ တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ လိုက်ပါသလိုလို မပါသလိုလိုနဲ့ သူနဲ့ အွန်းလိုင်းမှာ ဆုံတိုင်း အင်တင်တင် လုပ်နေတာပါ။

စာရေးသူဘက်ကိုလည်း လှည့်ကြည့်ဦးလေ။ အောက်တိုဘာလကတည်းက တက္ကသိုလ်မှာ ကျမ်းအကျဉ်း တင်ထားနှင့်ပြီ။ မကြာမှီ ကျမ်းကြီးကို မဖြစ်မနေ တင်ရတော့မယ်။ ကျမ်းကြီး တင်နိုင်ဖို့ တအားကို စိုင်းပြင်းနေရတဲ့အချိန်လေ။ ကျမ်းကို မှတ်လိုက်၊ အချောသတ်လိုက်။ စာကြည့်တိုက်ကို ပြေးလိုက်၊ အကိုးအကားတွေ တိုက်ကြည့်လိုက်နဲ့ ချာလပတ် လည်နေတဲ့ အချိန်ပေါ့။ ခရီးထွက်လိုက်ရင် တစ်ရက်ဆို တစ်ရက် သိသိသာသာကြီး ရက်တွေ ပုပ်သွားမှာကိုး။

 ပြီးတော့ သူ့ဘက်ကလည်း လိုက်ပါလာမယ့် ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်ကလည်း မနှစ်ကမှ ဘုရားဖူးခရီးစဉ်ကို စတင်ခဲ့တဲ့ ဟံသာမွန်အဖွဲ့။ ဟံသာမွန်အဖွဲ့ဆိုတာ တိုးTour အဖွဲ့ အသစ်လေးပါ။ ဒီအဖွဲ့က မိမိရဲ့ ရန်ကုန်ကျောင်းကို ကျောထောက်နောက်ခံထားတဲ့ အဖွဲ့။ တည်းခိုရမယ့် နေရာထိုင်ခင်းအတွက်ကော၊ ဘုရားဖူးရာ လိုက်ပါရှင်းပေးမယ့် ဂိုက်ကော အတည်တကျ မရှိသေးဘူး။ ဒီအဖွဲ့ ရေရှည် အားကိုး တည်းခိုမယ့်နေရာက ရာမညဘူမိ ဗုဒ္ဓ၀ိဟာရကျောင်း။ အဲဒီမွန်ဘုန်းတော်ကြီးကျောင်းကလည်း ဆောက်လုပ်ဆဲ။ ဒီနှစ်အတွက် တည်ခိုးဖို့ ဘယ်လိုမှ အဆင်မပြေသေးတဲ့ အနေအထား။ လိုက်ပို့မယ့် ဂိုက်ကလည်း စာသင်နေဆဲ စာသင်သားတွေဆိုတော့ ကျွမ်းကျင်တဲ့အဆင့် မရောက်ကြသေးဘူး။ သူလိုလို ကိုယ်လိုလို ထူးမခြားနားတဲ့ မရှိသုံး ဂိုက်အဖြစ် လိုက်ပေးနေရတဲ့ သဘောပါ။ ၂-ဘက်စလုံး ကျဉ်းကြပ်နေတဲ့ အနေအထားပါ။ ဒါကြောင့်လည်း ချိတုံချတုံ လလုံးချီ အချိန်ယူ စဉ်းစားနေရတယ်။ သူတို့နဲ့ လိုက်ပါသင့် မသင့်ပေါ့။

အဲ… အခက်အခဲတို့ရဲ့ နောက်ကွယ်မှာ အချိန်ဆိုတဲ့ အကျော်အလွှားလေးဆိုတာ ရှိတတ်တယ်မှုတ်လား။ အချိန်တန်လာတော့ အကျော်အလွှားလေးနဲ့ ဖြေရှင်းနိုင်ခဲ့တယ်။ သူဘက်က ဗုဒ္ဓဂယာခရီးတစ်လျောက် တစ်ထောက်နားရမယ့် ဘုန်းတော်ကြီးကျောင်းတွေကလည်း ရက်မလွတ်လို့ မူလခရီးစဉ်ကို တစ်ပတ် နောက်ဆုတ်လိုက်တယ်။ စာရေးသူဘက်က ခရီးထွက်နေတဲ့ စာရေးသူရဲ့ စူပါဗိုက်ဆာ (ကျမ်းစစ်ဆရာမ) ကလည်း ပြန်ရောက်လာ။ ပြန်ပြင်ဆင်ရမယ့် ကျမ်းကလည်း မှန်းသလောက်မများ။ ဒီတော့ကာ ကျမ်းကြီးရဲ့ အချောသတ်ကျမ်းဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ အဆုံးသတ်နိုင်ခဲ့တယ်။ ရှဥ့်လည်းလျောက်သာ ပျားလည်းဆွဲသာတဲ့ အကျော်အလွှားလေး ရလာတယ်။ ဒါကြောင့် ကုန်ကျ စရိတ်ကို ထည့်မတွက်ဘဲ ခရီးစဉ်ချောမွေ့ရေးအတွက် ဦးစားပေးပြီး ဗုဒ္ဓဂယာကို ၁၃-ရက်နေ့မှာ ရောက်လာမယ့် သူငယ်ချင်းဆီ လေယာဉ်ခရီးနဲ့ ဂယာဆီကို ချီတက်လိုက်ပါတော့တယ်။

ဆက်ရန်-

Oct 24, 2012

အိုင်ပက်မီနီ ထွက်ပြီ

ညတုန်းက NDTV News ကနေ လှမ်းပို့ထားတဲ့ Link ကြောင့် အက်ပယ်လ်ရဲ့ အိုင်ပက်မီနီ (iPad mini) မိတ်ဆက်ပွဲ အခမ်းအနားကို တိုက်ရိုက်ကြည့်ခွင့် ရလိုက်တယ်။ အက်ပယ်လ်က ခြေလှမ်းသွက်သွက်နဲ့ ထုတ်ကုန်ပစ္စည်း ၄-မျိုးကိုတောင် မိတ်ဆက်ပြလိုက်တယ်။

1. iPad mini
အက်ပယ်လ်ကုမ္ပဏီ အဓိကထုတ်ပြချင်တဲ့ ပစ္စည်းက အိုင်ပက်မီနီ (iPad mini) ပါ။ အိုင်ပက်မီနီ (iPad mini) ဟာ အရင်ထုတ်လုပ်ခဲ့တဲ့ အိုင်ပက်တွေရဲ့ ထက်ဝက်နီးပါး သေးငယ်ပါတယ်။ လက်တစ်ဘက်တည်းနဲ့ ကိုင်တွယ်နိုင်အောင် ဆိုက်ကို ချုံ့ထားတယ်လို့ အခမ်းအနားမှာ ပြောသွားပါတယ်။ အရင်အိုင်ပက်တွေရဲ့ ထောင့်ဖြတ် အရွယ်အစားက ၉ ဒသမ ၇ လက်မ ဖြစ်ပြီး အခု အိုင်ပက်မီနီ (iPad mini) ရဲ့ ထောင့်ဖြတ်ဆိုက်က ၇ ဒသမ ၉ လက်မပါ။ (9.7 – 7.9)

အိုင်ပက်မီနီ (iPad mini) ရဲ့ တိကျတဲ့ အရွယ်အစားမှာ-
အမြင့် = ၇.၈၇ လက်မ (၂၀၀ မီလီမီတာ)
အလျား = ၅.၃ လက်မ (၁၃၄.၇ မီလီမီတာ)
ဗျက် (အထူ) = ၀.၂၈ လက်မ (၇.၂ မီလီမီတာ တမတ်အထူ)
အလေးချိန် = ၀.၆၈ ပေါင် (၃၀၈-ဂရမ်) (၀ိုင်ဖိုင်- အိုင်ပက်မီနီ)
အလေးချိန် = ၀.၆၉ ပေါင် (၃၁၂-ဂရမ်) (၀ိုင်ဖိုင်+ဆယ်လူလာ အိုင်ပက်မီနီ)

အိုင်ပက်မီနီ (iPad mini) ရဲ့ ရုပ်ပြအရည်အသွေးကတော့ အိုင်ပက်-၂ အတိုင်းပါပဲ။ ၁၀၂၄ x ၇၆၈ မီဂါပစ်ဇယ်လ်ပါ။ အိုင်ပက်-၃ လို မြင်ကြည်လွှာ (Retina) မပါဘူး။ သုံးထားတဲ့ ချပ်စ်ကလည်း အိုင်ပက်-၂ အတိုင်း Dual-core A5 ပါပဲ။ ဓာတ်ပုံရိုက်တဲ့ ကင်မရာကိုသာ အိုင်ပက်-၃ လို 5MP မြှင့်ထားတယ်။

အိုင်ပက်မီနီ (iPad mini) ကိုလည်း အရင် အိုင်ပက်တွေရဲ့ ထုံးစံအတိုင်းပါပဲ။ ၆-မျိုးနဲ့ ခွဲပြီး ထုတ်လုပ်ထားတယ်။ ၆-မျိုးကို ရောင်းဈေးနဲ့အတူ ပူးတွဲလိုက်တယ်။ (အရောင်ကတော့ အဖြူ+အနက်ပါပဲ။)

$ 329 = ၁၆-ဂျီဘီ ၀ိုင်ဖိုင်သက်သက်၊
$ 459 = ၁၆-ဂျီဘီ ၀ိုင်ဖိုင်+ဆယ်လူလာ (3-G/4G)
$ 429 = ၃၂-ဂျီဘီ ၀ိုင်ဖိုင်သက်သက်၊
$ 559= ၃၂-ဂျီဘီ ၀ိုင်ဖိုင်+ဆယ်လူလာ (3-G/4G)
$ 529 = ၆၄-ဂျီဘီ ၀ိုင်ဖိုင်သက်သက်၊
$ 659 = ၆၄-ဂျီဘီ ၀ိုင်ဖိုင်+ဆယ်လူလာ (3-G/4G)
($= ဟာ USD အမေရိကန်ဒေါ်လာကို ဆိုလိုတာပါ။)

ဝိုင်ဖိုင်+ဆယ်လူလာ (3-G/4G) အတွက် ထူးတာက အိုင်ပက်-၃ လို မိုက်ခရိုဆင်းကဒ် (Micro-SIM) ကို မသုံးဘဲ အိုင်ဖုန်း-ဖိုက်လို နာနိုဆင်းကဒ် (Nano-SIM) ကို သုံးထားတယ်။ ပြီးတော့ ပါဝါ / ဒေတာအတွက် အပြားကြီးတဲ့ ပင်း ၃၀ ကြိုးပေါက်ကို မသုံးပဲ လိုက်နင်း (Lightning) ကို ပြောင်းသုံးထားပြန်တယ်။ ပြီးတော့ အသံစနစ် (Siri) ထည့်သွင်းပေးထားတယ်။

အိုင်ပက်မီနီ (iPad mini) ကိုတော့ အောက်တိုဘာလ (ဒီလ) ၂၆-ရက်နေ့က စပြီး အွန်းလိုင်းကနေ အော်ဒါ မှာယူနိုင်တယ်။ တကယ့် စတင်ရောင်းချမယ့် ရက်ကိုတော့ နိုဝင်ဘာလ ၂-ရက်နေ့ပေါ့။ ပထမအသုတ်ထဲမှာ ပါဝင်တဲ့ နိုင်ငံတွေကို ရောင်းချပြီး ၂-ပတ်အတွင်း တစ်ကမ္ဘာလုံးကို ဖြန့်မယ်လို့ သိရတယ်။


2. iPad with Retina (iPad-4)
အိုင်ပက်မီနီ (iPad mini) နဲ့အတူ နောက်ထပ် မိတ်ဆက်ပေးတာက စတုတ္ထမျိုးဆက်ဖြစ်တဲ့ အိုင်ပက်-၄ ပါ။ ပုံမှန် အရွယ်အစား မြင်ကြည်လွှာပါ iPad with Retina (Fourth Generation) လို့ သတ်မှတ်ထားတယ်။ ဒီ iPad with Retina ကိုတော့ မတ်ခ်ျလတုန်းက ထုတ်လုပ်ရောင်းချခဲ့တဲ့ The New iPad (iPad-3) နဲ့ အရည်အသွေးပိုင်း အနည်းငယ်ပဲ ကွာခြားတယ်။

 iPad with Retina (iPad-4) ရဲ့ ထူးခြားချက်များ-
၁။ ချပ်စ် = Dual-core A6X (quad-core graphics ပါဝင်တယ်)
၂။ လိုက်နင်း (Lightning) ပါဝါ / ဒေတာ ကြိုးပေါက်

အိုင်ပက်-၃ က Dual-core A5X သုံးထားတယ်။ ဒါကြောင့် အိုင်ပက်-၄ ဟာ အိုင်ပက် -၃ ထက် ၂-ဆ မြန်တယ်လို့ ပြောတယ်။ ကျန်တဲ့ အသေးစိတ် အချက်အလက် အားလုံးနီးပါးက ထပ်တူထပ်မျှပါပဲ။ ဆင်းကဒ်ကို လည်း Micro-SIM ကိုပဲ ပြန်သုံးထားတယ်။ ဈေးနှုန်းလည်း အိုင်ပက်-၃ အတိုင်းပါပဲ။

3. MacBookPro with Retina (13”)
 အက်ပယ်လ်ရဲ့ နောက်ထပ် မိတ်ဆက်ပေးတဲ့ ထုတ်ကုန် တစ်မျိုးကတော့ မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၃ လက်မ လက်တော့ပ်ပါ။ ဒီအမျိုးအစားကို ပြီးခဲ့တဲ့ ဇွန်လတုန်းက ၁၅-လက်မနဲ့ မိတ်ဆက်ခဲ့ပြီ ဖြစ်တယ်။ ဈေးကွက်မှာ ရောင်းချနေဆဲ လက်တော့ပ် အမျိုးအစား ဖြစ်တယ်။ ပရိုဖက်ရှင်းနယ် သက်မွေးဝမ်းကျောင်းပြု လက်တော့ပ်ပေါ့။

မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၅ လက်မနဲ့ အခု အသစ်ထုတ် ၁၃ လက်မတို့ဟာ တော်တော်လေး အရည်အသွေး ကွာပါတယ်။ ၁၅-လက်မတုန်းက အိုင်ဆဲလ်ဗင်း (i7) ပရိုဆက်ဆာကို သုံးထားပေမယ့် ဒီအသစ် ၁၃-လက်မကိုကျတော့ အိုင်ဖိုက် (i5) ပရိုက်ဆက်ဆာနဲ့ပဲ သုံးတယ်။ အရင်ထုတ်ကုန်က ဈေးကြီးလို့ ဈေးချိုချိုနဲ့ ရောင်းနိုင်အောင် တမင်လျှော့ချပုံရတယ်။

ဇွန်လတုန်းက စတင်ရောင်းချခဲ့တဲ့ မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၅ လက်မရဲ့ ဈေးနှုန်းက-
အခြေခံလက်တော့ပ် =     $2,199 (CPU i7 2.3GHz, Ram 8-GB, HD 256-GB,)
အဆင့်မြင့်လက်တော့ပ် = $2,799 (CPU i7 2.6GHz, Ram 8-GB, HD 512-GB)

အခုအသစ် စတင်ရောင်းချတော့မယ့် မြင်ကြည်လွှာပါ မက်ဘွတ်ပရို (MacBookPro with Retina) ၁၃ လက်မရဲ့ ဈေးနှုန်းက-
အခြေခံ=     $ 1,699 (CPU i5 2.5GHz, Ram 8-GB, HD 128-GB)
အဆင့်မြင့်= $ 1,999 (CPU i5 2.6GHz, Ram 8-GB, HD 256-GB)

4. iMac (Desktop)
အသစ် ထုတ်ကုန်ပစ္စည်းတွေ ချန်မထားပဲ အက်ပယ်လ်ရဲ့ နောက်ထပ် မိတ်ဆက်ပေးတဲ့ ထုတ်ကုန် တစ်မျိုးကိုတော့ စားပွဲတင် iMac (Desktop) ပါ။ ဒီ iMac (Desktop) ကို The New iMac လို့ နာမည်ပေးထားတယ်။ အရင်ထက် ပိုပါးလွှားပြီး စွမ်းဆောင်ရည် ပိုကောင်းမယ်လို့ ပြောတယ်။ The New iMac ကို ၂၁-လက်မ တစ်မျိုးရယ်၊ ၂၇-လက်မ တစ်မျိုးရယ် ရောင်းချမှာပါ။ မကြာမီ လာမယ် မျှော်လို့ ပြောထားတဲ့အတွက် ရောင်းဈေးကိုတော့ ထုတ်မကြေညာသေးပါဘူး။

 မှီငြမ်း-
သတင်းပေါင်းစုံ၊ ၀က်ဆိုက်၊ ဘလော့ဂ်ပေါင်းစုံတို့ရဲ့ သတင်း၊ ဓာတ်ပုံများ

Oct 22, 2012

သင်ပုန်းခေတ်သို့ တွန်းပို့လိုက်တဲ့ မိုက်ခရိုဆော့ပ်ရဲ့ ၀င်းဒိုးအသစ်

မိုက်ခရိုဆော့ပ်က သူ့ရဲ့ အရင်းအမြစ် ဖြစ်တဲ့ Windows ကို ကွန်ပျူတာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဆီ ပေးခဲ့တာ ၁၉၉၅-ခုနှစ်ကတည်းကပါ။ Dell, HP, Acer စတဲ့ ကွန်ပျူတာကုမ္ပဏီတွေက သူတို့ရဲ့ ကွန်ပျူတာ စက်လည်ပတ်မှုစနစ်အတွက် မိုက်ခရိုဆော့ပ်ကို ၀ကွက် အပ်ခဲ့ကြတယ်။ ဒါပေမယ့် ဒီအောက်တိုဘာလ ၂၆-ရက်နေ့ကျရင် သူ့ကိုယ်ပိုင် Surface သင်ပုန်းထဲမှာ Windows 8 ကို ထည့်သွင်းပြီး ရောင်းချမယ်လို့ ကြေညာလိုက်တဲ့ အခါ သို့လော သို့လော ပွက်လော ရိုက်ကုန်ပါတော့တယ်။ မိုက်ခရိုဆော့ပ်က ကတ္တီပါ လမ်းခွဲဖို့ ထွင်နေတာလား။ ဒါရိုက်တာက သရုပ်ဆောင် ၀င်လုပ်နေတာလား။ လူပြန်ဝင်စားတဲ့ ခွင်လား စသည်ဖြင့်ပေါ့။

အရင်လုပ်ဆောင်ချက်တွေက ရှင်းပါတယ်။ ကွန်ပျူတာကုမ္ပဏီတွေက ကွန်ပျူတာရဲ့ အမာထည် (Hardware) တွေကို ထုတ်လုပ်ပြီး မိုက်ခရိုဆော့ပ်ဆီက ရထားတဲ့ အပျော့ထည့် (Software) နဲ့ မောင်းနှင်လိုက်တယ်။ ဒါဆို ပြီးပြည့်စုံတဲ့ ကွန်ပျူတာ၊ ဒါမှမဟုတ် သင်ပုန်း၊ ဒါမှမဟုတ် စမတ်ဖုန်းတစ်လုံး ဖြစ်သွားပါပြီ။ အခုကျတော့ အပျော့ထည့် (Software) သာမက အမာထည် (Hardware) ဘက်ကော မိုက်ခရိုဆော့ပ်က ပူးတွဲ ထုပ်လုပ်လိုက်တော့ အမာထည် ကုမ္ပဏီတွေက ငေးမောကြည့်ရုံမှတစ်ပါး ဘာကို ရွေးရဦးမှာလဲလေ။ အသင်အပြကောင်းတဲ့ ကျောင်းဆရာက ကိုယ်ပိုင်သားသမီး မွေးလိုက်တော့ ကျန်တဲ့ရွာသားကလေးတွေ ငုတ်တုတ် မေ့သလိုပဲပါပဲလား။

ပီစီသမားအတွက် Windows 8 Pro

Windows 8 နဲ့ ပတ်သက်ရင် ဖွင့်လိုက်တာနဲ့ မိနစ်မခြား အထူးအဆန်းတွေကို ခံစားရမှာပါလို့ မိုက်ခရိုဆော့ပ်က ကြွေးကြော်ထားလေရဲ့။ တို့တစ်တွေဟာ ဒက်စတော့ (Desktop) နဲ့သာ အကျွမ်းဝင်နေသည့်တိုင် လှပ ခေတ်မီပြီး သွက်လက်နေတဲ့ အပ်စ် (app) အစီအရီ တို့ထိမျက်နှာပြင်ကြီးကို ရှုမငြီးဖွယ် မြင်တွေ့ရမှာပါ။ သင်ပုန်းလို တစ်ဖုံ၊ ဖုန်းလိုတစ်မျိုး မရိုးအောင် သုံးနိုင်တဲ့ Windows 8 ကြီးပေါ့။

Windows 8 ကို Start screen နဲ့ စတင် ဖွင့်ရပါတယ်။ ဒါကလည်း အထူးအဆန်းတော့ မဟုတ်ချေ။ ရိုးရိုး Windows မှာတုန်းက တို့တစ်တွေ သုံးနေကျ Start Menu နေရာမှာ အစားထိုးလိုက်တာပါ။ ဒါပေမယ့် Start screen ဟာ ကွန်ပျူတာဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံပြီး စီမံခန့်ခွဲပေးနေတဲ့ စနစ်ဆိုတာကိုတော့ မမေ့ပစ်နဲ့ပေါ့။ တို့တစ်တွေ သုံးနေတဲ့ အိုင်ကွန်အဟောင်းလေးတွေ ပျောက်ကုန်ပြီလားဆိုတဲ့ အစိုးရိမ်စိတ်လည်း မလွန်ကဲနဲ့ဦး။ ဒီဟာလေးတွေ ဆက်ရှိနေမှာပါ။ အဲ.. Windows 8 ပီပီ အထူးအဆန်းလေးတော့ တီထွင်ထားရတာပေါ့။ Start screen မျက်နှာပြင်မှာ ပေါလော စီတန်းနေတဲ့ အိုင်ကွန်လေးပေါ်သာ တို့ထိပေးလိုက်ပါ။ ဖွင့်တိုင်း ပွင့်လာတဲ့ အပ်စ် (apps) တွေကို သဘာဝအတိုင်း မြင်တွေ့ ခံစားရမှာပါ။ အထူးသဖြင့် တို့ထိ မျက်နှာပြင်ကိုသာ တို့ထိလိုက်မယ် ဆိုရင်ပေါ့။ အဟောင်းကို စွန့်မပစ်မီ အသစ်ဆီ ချဉ်းကပ်တဲ့ နေရာမှာ ပါးပါးနပ်နပ် သုံးနိုင်ရေး အကူးအပြောင်းလေးတွေတော့ ထည့်သွင်းပေးထားပါတယ်။

Windows တော်လှန်ရေးခေတ်မှာ အသုံးပြုတွေအတွက် ၂-မျိုး ၂-ဖုံ တွေ့ကြုံခံစားရမှာပါ။ Windows 8 ဟာ မျက်နှာပြင်တစ်ဖက်တည်းနဲ့ လုံးဝဥဿုံ ပြီးပြည့်စုံတဲ့ စက်လည်ပတ်မှုစနစ်ဆီ ဦးတည်ထားတယ်။ မောက်စ် (Mouse) အသုံးချရတဲ့ PC စနစ်ဟောင်းကနေ ထိန်းညှိစရာမလိုပဲ အလိုလို တို့ထိလို့ရတဲ့ စနစ်သစ် အသုံးချခေတ်ဆီသို့ပေါ့။ ရာသီဥတုသုံး အပ်ပ် (App) မှသည် မောက်စ်ကို သုံးပြီးမှ စာရင်းဇယား ဆွဲလို့ ရတဲ့ Excel တိုင်အောင် အတို့အထိကလေးနဲ့ သုံးလို့ ရနေပါပြီ။ ဒီဆန်းသစ်မှုတွေကို ဘယ်အတိုင်းအတာထိ ဆွဲဆောင်နိုင်သလဲဆိုရင် အက်ပယ်လ်ကတောင် အိုင်ပက်အတွက်ဆိုပြီး ချဉ်းကပ်လာရတာပါပဲ။


Windows အသစ်မှာ သုံးထားတဲ့ Start-screen

ဒွန်တွဲ-ပတ်ဝန်းကျင် ဗျူဟာကို ထိန်းသိမ်းသည့်အနေဖြင့် မိုက်ခရိုဆော့ပ်က သမာရိုးကျ ပီစီသုံးသူတွေရဲ့ အတွေး (ရှေ့သို့ ခုန်ပျံကျော်လွှားရမလား၊ နောက်သို့ ပြန်ဆုတ်ရမလား) ဇဝေဇ၀ါ မဖြစ်အောင် နည်းလမ်း ၂-သွယ်နဲ့ လုပ်ဆောင်ပေးထားပါတယ်။ ရှေးခေတ် စနစ်ဟောင်းသမားတွေက ကီးဘုတ်နဲ့ မောက်စ်ကို တွဲသုံးနိုင်သလို၊ ခေတ်ပြေး အသစ်သမားတွေလည်း တို့ထိစနစ်နဲ့ သုံးနိုင်ပါတယ်။ ဒါပေမယ့် အဟောင်းသမားအတွက် ကောင်းကွက်က မျက်နှာပြင်ကို တို့ထိခွင့် ခံစားချက်သစ် ရနိုင်ပြီး၊ အသစ်သမားတွေအတွက် ကောင်းချက်က ကီးဘုတ်နဲ့မောက်စ်ကို သုံးပြီး ရှေးထုံးမပျက် ချီတက်နိုင်ခြင်းပါ။

ဒါတင်လား မကသေးပါ။ အင်တာနက် အိတ်စ်ပလောရာ (Internet Explorer) ကိုလည်း ဗားရှင်း ၂-မျိုးနဲ့ ထည့်သွင်းပေးထားတယ်။ ပမာအားဖြင့်- Start-screen ဆိုတဲ့ apps က သာမန်ပီစီမှာ ပါမြဲဖြစ်တဲ့ standard menus, toolbars, resizing and closing တို့ဟာ မပါဝင်ပါ။ သို့တိုင် အဟောင်းစနစ်အတွက်တော့ Start menus ရှိနေဆဲပါ။ ဒက်စတော့ပ်ခေတ်တုန်းက ရှုပ်ထွေးခက်ခဲတဲ့ မိုက်ခရိုဆော့ပ်ရဲ့ ရုံးသုံး (Word, Excel, Power Point) တွေကိုလည်း အကျဉ်းချုံး ပေးထားသလို၊ အရည်အသွေးကောင်းတဲ့ Apps အဖြစ်နဲ့ ပြန်ဖာထေထားပါတယ်။ ဒီအသုံးချ ဆော့ဝဲလ်တွေကို ဘယ်အိုင်ပက်ကမှ၊ ဘယ်နောင်တော် အန်ဒရွိုက်ကမှ ထည့်သွင်းပေးမထားပါဘူး။

ဗားရှင်းအမျိုးမျိုးနဲ့ စွမ်းဆောင်ရည်များ
 ဒါပေမယ့် ခဏစောင့်ကြည့်ပါဦး။ ရှေ့ဆက် ရှုပ်ထွေးလာမယ့် အလားအလာ အများကြီး။ Windows 8 က ဗားရှင်း ၂-မျိုးနဲ့တောင် ထုတ်ထားတယ်မို့လား။ တစ်မျိုးက Intel ရဲ့ CPU သုံး ပီစီတွေအတွက် ဖြစ်ပြီး၊ နောက်တစ်မျိုးက RT လို့ ခေါ်တဲ့ ဗားရှင်းပေါ့။ စမတ်ဖုန်းနဲ့ သင်ပုန်းတွေမှာ သုံးနေတဲ့ ARM ကို ရည်ရွယ်ပြီး RT ဗားရှင်းကို ထုတ်လုပ်တာပါ။

ဒီဗားရှင်း ၂-ခုကြားမှာ မတူညီတာတွေ အများကြီးပါ။ ဆိုလိုတာက Intel ရဲ့ CPU သုံး ပီစီတွေက သင်ပုန်း/ဖုန်းမှာ သုံးတဲ့ အပ်စ် (apps) တွေကိုလည်း သုံးလို့ ရတယ်။ ဒက်စတော့ပ်မှာ သုံးနေကျ ပုံစံဟောင်းအတိုင်းလည်း သုံးလို့ ရတယ်။ ဒါပေမယ့် RT ဗားရှင်းကိုတော့ ဒက်စတော့ပ်မှာ သုံးလို့ မရဘဲ သင်ပုန်းမှာသာ သုံးလို့ ရပါတယ်။ နောက် ပြဿနာ တစ်ခုက ရုံးလုပ်ငန်းသုံး (Office) ပါ။ သင်ပုန်းတွေမှာ Office ကို သုံးနိုင်အောင် ကြိုးစားပြီး ချဲ့ထွင်ထားပေမယ့် မေးလ် ပို့တဲ့ Outlook တော့ မပါရှာဘူး။ သင်ပုန်းသုံး အသုံးချ အပ်စ် (apps) အသစ်အသစ် မှန်သမျှကို ဒေါင်းယူပြီး သုံးလို့ ရပါတယ်။ အိုင်ပက်မှာ သုံးသလိုမျိုးပါပဲ။

မိုက်ခရိုဆော့ပ်ဟာ သူ့ရဲ့ကိုယ်ပိုင် သင်ပုန်းကွန်ပျူတာကို ထုတ်လုပ်ရောင်းချခဲ့ပါပြီ။ ဒီသင်ပုန်းရဲ့ အတွင်းထဲမှာကော၊ ကွန်ပျူတာ၊ သင်ပုန်း၊ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက်ကော Windows 8 နဲ့ Windows RT ကို မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီ Windows ၂-မျိုးလုံးဟာ သူ့မူနဲ့သူ ကောင်းတာချည်းပါပဲ။ နောက်ဆုံးအနေနဲ့ ကောက်ချက်ချရမှာက အမာထည် (Hardware) ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ရွေးချယ်မှုရယ်၊ အသုံးပြုသူ တို့တစ်တွေရဲ့ စိတ်ကြိုက် ရွေးချယ်မှုပေါ် မူတည်နေတာပါပဲ။

 Windows အသစ်မှာ စကရင်း ၂-ခြမ်း တွဲသုံးထားပုံ

Windows 8 ကို စက်သုံးမျိုးနဲ့ စမ်းသပ်ကြည့်ဖူးတယ်။ သင်ပုန်းရယ်၊ တို့ထိမျက်နှာပြင် ultrabook လက်တော့ပ်ရယ်၊ ရိုးရိုးလက်တော့ပ်ရယ်ပေါ့။ စမ်းသပ်တွေ့ရှိချက် ၅-ချက်ပေါ် မူတည်ပြီး တစ်ခုချင်းစီ သုံးသပ်ပါ့မယ်-
1.Start Screen
2.Charms and Gestures
3.Snap!
4.Apps
5.Pricing

1.Start Screen
အကြိုက်ဆုံးထဲမှာတော့ Start-screen ပါဝင်ပါတယ်။ ကြားခံကိရိယာကို သုံးပြီး ပုံဖော်ထားတဲ့ စနစ်ကို ၀င်းဒိုးဖုန်းမှာကတည်းက မိုက်ခရိုဆော့ပ်က စမ်းသပ် သုံးခဲ့ပြီ ဖြစ်တယ်။. It uses a design nicknamed "Metro,"လို့ နာမည်မှည့်ထားတဲ့ လေးထောင့်ချပ်ပြား အိုင်ကွန် ဒီဇိုင်းလေးတွေဟာ အိုင်ပက်ထက် သာနေသလို၊ အန်ဒရွိုက်ထက်လည်း ပိုကြည့်ကောင်းနေတယ်။ အကွက်တောက်လျှောက် ညှပ်ထားတဲ့ ချပ်ပြားလေးတွေဟာ အသုံးချရမယ့် Application ( Apps) တွေကို ကိုယ်စားပြုထားပါတယ်။

ဥပမာ- mail ချပ်ပြားလေးကနေ အီးမေးလ်အ၀င်အထွက်ကို ပြပေးတယ်။ photo ချပ်ပြားလေးကနေ ရိုက်ထားတဲ့ ဓာတ်ပုံရဲ့ တစ်ပုံချင်းစီ ရုပ်ပုံသေးသေးနဲ့ ပြသပေးရုံသာမက နေ့ရက်-စတဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း စစ်ကြည့်နိုင်ပါသေးတယ်။ တန်းစီထားတဲ့ ရေပြင်ညီတန်း အခင်းအကျင်းကနေ လက်ချောင်းလေးနဲ့ scroll (ဆွဲတင်/ ဆွဲချ) လုပ်လို့ ရပါသေးတယ်။ ဒါမှမဟုတ် အရင်ဒက်စတော့ပ်ခေတ်တုန်းကလို မောက်စ်နဲ့ ဖြစ်ဖြစ်၊ ကီးဘုတ်နဲ့ ဖြစ်ဖြစ် အတင်/ အချ ဆွဲလို့ ရပါတယ်။ ပီစီသမားအတွက် မိုက်ခရိုဆော့ပ်ဝေါ့ဒ် (Word) စတဲ့ အိုင်ကွန်ဟောင်းတွေကိုလည်း Start-screen မှာ တွဲချိတ်ထားပါတယ်။ Apps လို့ ခေါ်ဝေါ်နေကြတဲ့ ကွန်ပျူတာထဲက သုံးလို့ရတဲ့ ပရိုပရမ် မှန်သမျှကို Start-screen မှာသာ ဆွဲရှာလိုက်ပါ။ စမ်းသက်ချက်အရ သုံးသပ်ရရင် ကြားခံကိရိယာ ဖြစ်တဲ့ Apps တွေရဲ့ ဒီဇိုင်းပုံဟာ လှပတယ်။ အနှိပ်၊ အရွှေ့အပြောင်း ကောင်းမွန် ချောမွေ့တယ်။ အိုင်ပက်၊ အန်ဒရွိုက်သုံး သင်ပုန်းတို့ကို ကောင်းကောင်း ယှဉ်နိုင်တယ်။
ရုံးသုံးအတွက် Microsoft Word app

2.Charms and Gestures Windows
8 ရဲ့ ဒီဇိုင်းသစ် အသွင်အပြင်သစ်ရဲ့ စွမ်းဆောင်ရည်ကို Charms (ချမ်စ်) လို့ ခေါ်တယ်။ ညာဘက်ထောင့်ကနေ ပွတ်ဆွဲလာတဲ့အခါ Charms (ချမ်စ်) ဟာ မျက်နှာပြင်ရဲ့ ညာဘက်မှာ ပေါ်လာတယ်။ တို့ထိမျက်နှာပြင် မဟုတ်တဲ့ ကွန်ပျူတာတွေမှာတော့ အပေါ်ညာဘက်ထောင့်ကို မောက်စ်နဲ့ ရွှေ့ပြီး သွားထောက်ကြည့်နိုင်ပါတယ်။ Charms (ချမ်စ်) မှာ Search, Settings, Share, Devices နဲ့ Start screen ဆီ ပြန်သွားနိုင်တဲ့ Back တို့ ပါဝင်ပါတယ်။ ဖွင့်ပြီးသုံးနေတဲ့ app တိုင်းကို Charms (ချမ်စ်) မှာ ပြသပေးတယ်။ ပြီးတော့ Charms (ချမ်စ်) ဟာ ပရင်တာ၊ နက်ဝေါ့-စတဲ့ လင့်တွေကိုလည်း ထိန်းချုပ်ပေးသလို လူမှုရေး ၀က်ဆိုက်ကနေဖြစ်ဖြစ်၊ မေးလ်ကနေဖြစ်ဖြစ် တစ်စုံတစ်ရာကို ရှယ်ယာ လုပ်ပေးနိုင်ပါသေးတယ်။

အောက်ခြေကနေ အပေါ်ဘက်သို့ ပွတ်ဆွဲလိုက်ပါက ရွေးချယ်စရာများကို ရွေးနိုင်ပါတယ်။ စကရင်းပေါ် မောက်စ်နဲ့ Right Click ထောက်ပြီး လုပ်လို့ ရသလိုပေါ့။ ဘယ်ဘက်ကနေ ညာဘက်သို့ ပွတ်ဆွဲပါက ဖွင့်ထားတဲ့ apps တွေ အလိုလို ပိတ်ပေးပါတယ်။ အတွင်းသို့ ဆွဲစိလိုက်ပါက ညာဘက်မှ ပြသထားတဲ့ အချက်အလက်တွေအားလုံး မြင်ကွင်းကနေ ပျောက်ဆုံးသွားပြီး၊ စက်ကို အဆင်သင့် ပိတ်ဖို့ရာ Start screen ပါ ပေါ်ပေးပါတယ်။

3. Snap
တစ်ပြိုင်တည်း apps ၂-ခုကို အသုံးချလိုပါက မျက်နှာပြင်ကို ခွဲထုတ်လို့ ရပါတယ်။ ဘယ်နဲ့ညာ အညီအမျှ လုပ်ဆောင်ချက် ၂-ခု ပေါ်လာလိမ့်မယ်။ ဒီမြင်ကွင်း ၂-ခုက တော်တော့ကို အသုံးဝင်ပါတယ်။ စကရင်း တစ်ခြမ်းကို ချက်တင် (Chat) ၀င်နေတဲ့အချိန်မှာ အခြားတစ်ခြမ်းကို သတင်းတို့ ဘာတို့ ကြည့်လို့ ရတာပေါ့။ တစ်နည်း ပြောရရင် ဒီဘက်အခြမ်း မိုက်ခရိုဆော့ပ်ဝပ် ဖွင့်ထားတဲ့အချိန်မှာ အခြားတစ်ခြမ်းက သတင်းထူး၊ သတင်းဦးတွေကို ကော်ပီယူလို့ ရတာပေါ့။

4. Apps
စတိုင်လ်အသစ် အသုံးချ အပ်စ်တွေဟာ ဆွဲဆောင်မှု ရှိသလို အသုံးလည်း ၀င်လှပါတယ်။ ဥပမာ- Photos app တစ်ခုထဲမှာတင် ဓာတ်ပုံ ကြည့်ရုံသက်သက် မကဘဲ ဘယ်တုန်းက ဘယ်မှာ ရိုက်ထားတယ်ဆိုတဲ့ အချက်အလက်ကို ပြသပေးတယ်။ ထို့ပြင် လူမှုရေး ၀က်ဆိုက်ဖြစ်တဲ့ Facebook မှာပဲ တင်ထားမလား၊ မပျောက်မပျက်အောင် SkyDrive မှာပဲ သိမ်းထားမလား ရသေးတယ်။ အပြည့်အစုံ လုပ်ပေးထားတယ်။ People app မှာဆို ဆက်သွယ်ရမယ့် contacts သာမက လူမှုရေး ၀က်ဆိုက်ကနေ တစ်ဆင့် လိပ်စာတွေ ဖြည့်သွင်းနိုင်ပါသေးတယ်။

Windows အသစ်မှာ ထည့်သွင်းထားတဲ့ အသုံးချ apps

Mail app ကတော့ စိတ်ကျေနပ်မှု သိပ်မရှိပါဘူး။ unified inbox မပါလို့ပါ။ unread mail, most important contacts တို့ကတော့ ပုံမှန်ပါပဲ။ သိပ်ထူးခြားမလာပါ။ Microsoft's app store မှာ တင်ထားတဲ့ သာမန် အသုံးချ app တွေကတော့ သိန်းသန်းချီပါပဲ။ ဒါပေမယ့် Kindle နဲ့ Netflix တို့မှာ သုံးနေတဲ့ အချို့ အသုံးချ apps တွေက ဖြည့်တင်းဖို့ လိုနေတာ အမှန်ပါပဲ။ အသုံးများပြီး ပေါ်ပြူလာ ဖြစ်နေတဲ့ apps တွေ ရှေ့ဆက် ဖြည့်ဆည်းပေးဦးမှာပါလို့ မိုက်ခရိုဆော့ပ်ကတော့ ၀န်ခံထားတယ်။

5.Price
Windows ၂-မျိုးနဲ့ ထွက်လာမှာပါ။
(၁) Windows RT (သင်ပုန်း / ဖုန်းတွေမှာ သုံးတဲ့ ၀င်းဒိုးစနစ်)
(၂) Windows 8 (ပရိုဖက်ရှင်းနယ်အဆင့်၊ ကွန်ပျူတာ၊ သင်ပုန်း၊ ဖုန်း အားလုံးမှာ သုံးလို့ ရတဲ့ ၀င်းဒိုးစနစ်) အွန်းလိုင်းကနေ ဒေါင်းယူရင် အမေရိကန်ဒေါ်လာ ၄၀ ($40)
DVD အချပ်နဲ့ ၀ယ်ယူရင် အမေရိကန်ဒေါ်လာ ၇၀ ($70)
Windows PC အတွက် ပရိုမိုးရှင်း (အထူးရောင်း) ကာလမှာ ၂၀၁၂-ခုနှစ်၊ ဇွန်လ ၂-ရက်နေ့ကနေ ၂၀၁၃-ခုနှစ်၊ ဇန်န၀ါရီလ ၃၁ နေ့အထိ ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၁၅ ($15) နဲ့ ဒစ်စကောင့် ပေးမှာပါ။

ဘာပဲပြောပြော မိုက်ခရိုဆော့ပ်က ဆန်းသစ်တဲ့ ခေတ်မီတဲ့ တို့ထိမျက်နှာပြင်သုံး Windows အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ သင်ပုန်းခေတ်သို့ တွန်းပို့လိုက်တဲ့ မိုက်ခရိုဆော့ပ်ရဲ့ ၀င်းဒိုးအသစ်လို့ပဲ နာမည်တပ်ရမယ် ထင်ပါရဲ့။ အရင်ခေတ်တုန်းကလို မောက်စ်၊ ကီးဘုတ် စနစ်နဲ့ပဲ သွားသွား၊ ခေတ်ပေါ် တို့ထိမျက်ပြင်ကိုပဲ စမ်းချင်ချင် အကုန်အံဝင်တယ်ဆိုပဲ။ ဒါပေမယ့် စနစ်အကူးအပြောင်းကာလမှာ ခွင်ကျနေအောင်တော့ ကိုယ့်ကိုကို ကြိုးစားပြီး သုံးရုံမှတစ်ပါး အခြားမရှိတော့ပြီ။

မှီငြမ်း-
http://online.wsj.com/article/SB10000872396390443675404578060603341778848.html